နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)နှင့် ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) ဝင်ခွင့်ရ ကျောင်းသား/သူများအား တွေ့ဆုံအားပေးထောက်ပံ့ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) ဝင်ခွင့်ရကျောင်းသား/သူများအား တွေ့ဆုံအားပေးထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားရာတွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တို့တွင် သင်တန်းတက်ရောက်ခွင့်ရရှိသည့် သင်တန်းသား/သင်တန်းသူများအနေဖြင့် ကျောင်းမှ ချမှတ်ထားသည့် သင်တန်းစည်းကမ်းများကို ခံယူကျင့်သုံးလိုက်နာဖို့လိုအပ်ပြီး၊ စာပေကို ဇွဲလုံးလဝီရိယဖြင့် ကြိုးစားသင်ယူဖို့လိုကြောင်းနှင့် ဘက်စုံထူးချွန်သူများဖြစ်အောင်၊ ဗလငါးတန်နှင့်ပြည့်စုံသူများဖြစ်အောင် အမြဲမပြတ် ကြိုးစားလေ့လာသင်ယူဖို့လိုပါကြောင်း၊ သင်တန်းပြီးမြောက်အောင်မြင်ပြီး မိမိတာဝန်ကျရာဒေသများတွင် တာဝန်ထမ်းဆောင်ရာတွင် အတုယူစရာစံပြအဖြစ် ကိုယ်ကျင့်တရားကောင်းမွန်စေရေးနှင့် အကျင့်စာရိတ္တ၊ စိတ်ဓာတ်၊ စည်းကမ်း ကောင်းမွန်ရန် အစဉ်အမြဲကြိုးစားလေ့လာအားထုတ်ကြိုးပမ်းစေလိုကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့အားထားရသည့် အသိပညာရှင်၊ အတတ်ပညာရှင်ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍမှ အားမာန်အပြည့်ဖြင့် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ သင်တန်းသားရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) ဝင်ခွင့်ရကျောင်းသား/သူများ ရွေးချယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်ကောင်စီမှ တစ်ဦးလျှင် ထောက်ပံငွေကျပ် ငါးသောင်းနှုန်းဖြင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)ဝင်ခွင့်ရ ကျောင်းသူငါးဦးအားလည်းကောင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) ဝင်ခွင့်ရကျောင်းသား/ကျောင်းသူ ၁၀ ဦးတို့အားလည်းကောင်း အသီးသီး ထောက်ပံ့ငွေပေးအပ်ကြရာ ကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်သည့် နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်အမှာစကားပြောကြားသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ကုန်ထုတ်လုပ်ငန်း တိုးမြှင့်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးတွင် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးသီးနှံများကို လျာထားသည့် သီးထပ်စွမ်းအားတိုးတက်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပြီး စိုက်ပျိုးစွမ်းအားများ တိုးတက်အောင်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဆောင်းသီးနှံ၊ နွေစပါးနှင့်နွေသီးနှံများကို လျာထားချက်အတိုင်း ပြည့်ပြည့်ဝဝစိုက်ပျိုးနိုင်ရန် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ၊ မွေးမြူရေးထွက်ကုန်များ ဒေသတွင်းစားရေရိက္ခာဖူလုံပြီး ပြည်ပသို့တင်သွင်းနိုင်သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးပွားပြီး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြင့်မားရေး၊ စီးပွားရေးကောင်းမွန်ရေးတို့အတွက် တစ်နိုင်တစ်ပိုင်ကိုယ်ပိုင် လုပ်ငန်းထူထောင်လုပ်ကိုင်လာနိုင်စေရန်နှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လာနိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာပြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒေသထွက်ကုန်ကြမ်းများအပေါ်အခြေခံပြီး တန်ဖိုးမြင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြင့် သွင်းကုန်အစားထိုး လုပ်ငန်းများဆောင်ရွက်နိုင်ရေး သင်တန်းများကို စဉ်ဆက်မပြတ် သင်ကြားပို့ချပေးစေလိုကြောင်း၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေးပြေလည်မှုကို ရှေးရှုလျက် အခြေခံစားသောက်ကုန်ဈေးနှုန်းများအပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ကော်မတီများကိုဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ ပြည်သူလူထု၏ အစားအစာများ ဘေးကင်းလုံခြုံရေးအတွက် အလေးထားဆောင်ရွက်စေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အခွန်ဘဏ္ဍာငွေများ ပြည့်ပြည့်ဝဝရရှိရေး ညွှန်ကြားချက်များနှင့်အညီ စည်းကြပ်ကောက်ခံဖို့လိုအပ်ကြောင်း၊ နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး၊ ကူညီထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စီမံချက်များရေးဆွဲပြီး ဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ မြို့တော်၏ အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ မြစ်ချောင်းများ ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှရေး၊ အမှိုက်များကို စနစ်တကျစွန့်ပစ်စေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးထားရှိမှုအခြေအနေများ၊ မိုးစပါးရိတ်သိမ်းမှု၊ ဆောင်းသီးနှံနှင့်နွေစပါးလျာထားမှု၊ ပင်လောင်းလမ်းဘေးတစ်လျှောက် ပြောင်းနှင့် နေကြာစိုက်ပျိုးမည့်အစီအမံများ၊ နေပြည်တော်အတွင်း တိရစ္ဆာန်ကောင်ရေ ကောက်ယူမည့်အခြေအနေများ၊ နွေးစပါးစိုက်ပျိုးနိုင်ရေးအတွက် ရေပေးဝေမည့်အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး လုပ်ငန်းများအောင်မြင်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)