မလှိုင် နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် တိကျမှန်ကန်သော တိရစ္ဆာန်ကောင်ရေ စာရင်းများ ရရှိရန် မြို့နယ်အဆင့် တိရစ္ဆာန်ကောင်ရေ စာရင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးစိုးမင်းထက်က တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း၏ နောက်ခံသမိုင်းကြောင်းနှင့် ကောက်ယူခြင်း၏ ရည်ရွယ်ချက်များဖြစ်သည့် မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှု စာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန် ၊ တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာ တွက်ချက်မှု စံနှုန်းများအား သုံးသပ် ပြင်ဆင်နိုင်ရန် အချက်များ ၊ မျှော်မှန်အကျိုးကျေးဇူးများ၊ နှစ်အလိုက် မွေးမြူရေးကောင်ရေပြောင်းလဲမှု များ ရှင်းလင်းဆွေးနွေးပြီးနောက် သတ်မှတ်ကာလအတွင်း စောလျင်စွာ ပြီးစီးနိုင်ရေးအတွက် ကောက်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းပြောကြား ခဲ့ပြီး မြို့နယ်ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်စိုးနိုင်က စာရင်း ကောက်အဖွဲ့များ စာရင်းကောက်ယူရာတွင် မှန်ကန်မှု ရှိစေရေးအတွက် မြို့နယ်မှ မြေပြင်စာရင်းကောက်အဖွဲ့များ ဖွဲ့စည်းထားရှိပြီး သင်တန်းပေး ဆောင်ရွက်ပြီး ဖြစ်ကြောင်းနှင့် ဆောင်ရွက်မည့် အစီအစဉ်များအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
မလှိုင်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရန်အတွက် ရပ်ကွက် (၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၀)အုပ်စု ၊ ကျေးရွာ (၅၀) ရွာရှိ အိမ်ထောင်စုပေါင်း (၇၄၄၆) စုတွင် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနအကြီး အကဲများ ရပ်ကွက် (၁) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၀) အုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရပြီး တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးလုပ်ငန်းကို နိုဝင်ဘာ (၁) ရက်နေ့မှ ဒီဇင်ဘာ (၃၁) ရက်နေ့အထိ ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး (ပြန်/ဆက်)