ကျောက်ဆည် နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းများ အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှု ဆိုင်ရာ တွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်အတွက် နိုဝင်ဘာ(၁)ရက် နံနက်(၈)နာရီက ငှက္ကတောင်ကျေးရွာ၊ ရွာဦးဓမ္မာရုံတွင် တိရစ္ဆာန်ကောင်ရေ ကောက်ယူခြင်းလုပ်ငန်းများအကြောင်း အသိပညာပေး ရှင်းလင်းခဲ့ပြီး တိရစ္ဆာန်ကောင်ရေကောက်ယူခြင်းလုပ်ငန်းများ စတင်ကောက်ယူခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးက “တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး’’ ဆောင်ပုဒ်နဲ့အညီ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တိကျမှန်ကန်စာရင်းရရှိရေး၊ တိရစ္ဆာန်ကောင်ရေ ကောက်ယူခြင်းလုပ်ငန်းများကို (၅)နှစ်တစ်ကြိမ် စာရင်းကောက်ယူခဲ့ခြင်း ဖြစ်ပြီး အခုအကြိမ်သည် ဒုတိယအကြိမ် ကောက်ယူခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများ အောင်မြင်ရေး တိရစ္ဆာန်ကောင်ရေ ကောက်ယူခြင်း အဖွဲ့များဖွဲ့ပြီး သင်တန်းများ ဖွင့်လှစ်ပေးပြီးဖြစ်ကြောင်း၊ စီးပွားဖြစ် တိရစ္ဆာန်မွေးမြူသူများ၏ တိရစ္ဆာန်များကို ရာနှုန်းပြည့် စာရင်းကောက်ယူသွားမည်ဖြစ်ပြီး၊ လုပ်ငန်းများ အောင်မြင်ရေးဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းမင်းက တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းသည် နိုင်ငံတော်အဆင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တိရစ္ဆာန်ကောင်ရေ ကောက်ယူခြင်းလုပ်ငန်းများကို မြေပြင်ရှိစာရင်း၏ ၂၀ ရာခိုင်နှုန်း ကောက်ယူသွားမည်ဖြစ်ပြီး ကောက်ယူရာတွင် သတ်မှတ်ထားသည့် မေးခွန်းလွှာပုံစံနှင့် ကောက်ယူပြီး မိုဘိုင်းဖုန်းများကို အသုံးပြုကာ COMMCARE APP နှင့် ထည့်သွင်းကောက်ယူသွားမည်ဖြစ်ကြောင်း စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများကို ၁၀၀ ရာခိုင်နှုန်းအပြည့် ကောက်ယူသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး တိရစ္ဆာန်ကောင်ရေ ကောက်ယူခြင်း လုပ်ငန်းများ စတင်ကောက်ယူခဲ့ကြောင်းနှင့် ကျောက်ဆည်မြို့နယ်အနေဖြင့် တိရစ္ဆာန်ကောင်ရေ ကောက်ယူခြင်း လုပ်ငန်းများ ရပ်ကွက် (၂)ရပ်ကွက်၊ ကျေးရွာ(၄၈)ရွာတွင် နိုဝင်ဘာ(၁)ရက်မှ ဒီဇင်ဘာ(၃၁)ရက်အထိ ရက်ပေါင်း (၆၀) အကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)