ဒုံဝန်းကျေးရွာ၊ ရွှေကြာရံစေတီတော်မြတ်ကြီး ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ စည်ကားစွာကျင်းပ

သထုံ နိုဝင်ဘာ ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ရွှေကြာရံစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေကြာသင်္ကန်း‌တော် ကပ်လှူပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြသည်။

ဒုံဝန်းကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း အုပ်စုအလိုက် ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းသည့် ရွှေကြာသင်္ကန်းများကို ကြာသင်္ကန်းကပ်အဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ညနေ ၃ နာရီခန့်မှစတင်ကာ ရွှေကြာသင်္ကန်းတော်နှင့် လှူဖွယ်ပစ္စည်းများကို အဖွဲ့အလိုက်စီတန်းကိုင်ဆောင်ကာ လှည်လည်ကြပြီး ရွှေကြာရံစေတီတော်အပါအဝင် ဘုရားငါးဆူစေတီများနှင့် ဘုန်းတော်ကြီးကျောင်းဝင်းများရှိ စေတီများအား ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

နှစ်စဥ် သီတင်းကျွတ်လပြည့်ကျော် ၂ ရက်နေ့၌ ကျင်းပပြုလုပ်မြဲဖြစ်သည့် ရွှေကြာရံစေတီတော် ဗုဒ္ဓပူဇေနိယပွဲတော်နှင့် ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲသို့ ဒုံဝန်းကျေးရွာနှင့်အနီး ပတ်ဝန်းကျင်ကျေးရွာများမှ ဘုရားဖူးပြည်သူ အများအပြားလာရောက်ခဲ့ကြပြီး အလှူရှင်များက မုန့်ဟင်းခါး၊ အကြော်စုံ၊ အချိုရည်စသည့် စတုဒီသာအဟာရများဖြင့် ကုသိုလ်ပြု ကျွေးမွေးဧည့်ခံခဲ့​ကြသည်။

ရှေးဟောင်းသမိုင်းဝင် ရွှေကြာရံစေတီတော်မြတ်ကြီးကို သာသနာနှစ် ၂၁၆၂၊ ကောဇာသက္ကရာဇ် ၉၈၀၊ ခရစ်နှစ် ၁၆၁၉ တွင် အင်းဝမင်းဆက် ၂ အနောက်ဘက်လွန်မင်းလက်ထက် မုတ္တမမြို့စား ဗညားဒလတည်ထားခဲ့ကြောင်း ဂေါပကအဖွဲ့မှတ်တမ်းအရ သိရသည်။

ခရိုင် (ပြန်/ဆက်)