ကိုဗစ် - ၁၉ ရောဂါနှင့်ပတ်သက်၍ Fever Clinic စင်တာနှစ်ခုတွင် ပြသနိုင်သလို Call Center ဖုန်းများသို့ ဆက်သွယ်နိုင်

မန္တလေး အောက်တိုဘာ ၂၂

ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြသနိုင်ရန် မန္တလေးမြို့၌ ဖွင့်လှစ်ထားသည့် ဖျားနာကုသရေး ဆေးခန်း Fever Clinic စင်တာနှစ်ခုတွင် ပြသနိုင်သည့်အပြင် Call Center ဖုန်းများမှတဆင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေး တိုင်းဒေသကြီး) COVID-19 Response Team မှသိရသည်။

မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) COVID-19 Response Team နှင့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တို့ပူးပေါင်း၍ မန္တလေးမြို့ တွင် ဖျားနာကုသရေးဆေးခန်းများကို ချမ်းမြသာစည်မြို့နယ်၊ ၁၀၇လမ်း၊ ၅၅ လမ်းနှင့် ၅၆ လမ်းကြား၊ အောင်သာယာဈေးအရှေ့၊ ထွန်းတုံးကျန်းမာရေးဌာနခွဲတွင် ဖျားနာကုသရေး ဆေးခန်း (၁) ကိုလည်းကောင်း၊ အောင်မြေသာစံမြို့တွင် ၁၂ လမ်း၊ ၇၅ လမ်းနှင့် ၇၆ လမ်း ကြားရှိ အောင်မြေသာစံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးတွင်လည်းကောင်း ဖွင့်လှစ် ထားပြီး လိုအပ်သည့်နေရာများတွင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိ အောင်မြေသာစံနဲ့ ချမ်းမြသာစည်မှာ ဖွင့်ထားတယ်၊ ပိတ်ရက်မရှိပါဘူး၊ မနက် ၉ နာရီ ကနေ ၁၁ နာရီအထိ ပြနိုင်ပါတယ်၊ အနံ့မရတဲ့သူတွေကို သေချာစမ်းသပ်ပြီး လိုအပ်ရင် မန္တလေးဆေးရုံကြီးကို လွှဲပေးပါတယ်၊ ကျန်တာကတော့ လိုအပ်တာတွေကို လမ်းညွှန်ချက် ပေးတယ်၊ စင်တာတွေ တိုးချဲ့ဖွင့်သွားဖို့စီစဉ်နေတယ်၊ Volunteer ဆရာဝန်တွေ လိုအပ်နေ ပါတယ်၊ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုများတဲ့ နေရာတွေပေါ်မူတည်ပြီး စင်တာတွေဖွင့်သွားမှာပါ၊ မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးက ပြင်ပ လူနာဌာနမှာဖွင့်ထားတဲ့ MGH Fever Clinic မှာလည်း ပြနိုင်ပါတယ်”ဟု COVID-19 Response Team ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ကျော်က ပြောသည်။

ဖျားနာကုသရေးဆေးခန်း (Fever Clinic) နှစ်ခုကို ပိတ်ရက်မရှိ နေ့စဉ် နံနက် ၉ နာရီမှ နံနက် ၁၁ နာရီအထိ ဖွင့်လှစ်ထားကာ ဖျားနာခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသူများ၊ ကုသလိုသူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း စေတနာရှင် လုပ်အား ပေးဆရာဝန်များနှင့်အဖွဲ့က ဆောင်ရွက်ကုသ အကြံပြုပေးလျက်ရှိသည်။

ကိုဗစ် -၁၉ ရောဂါကာလတွင် Stay at Home နေနေရ၍ ကျန်းမာရေးကိစ္စဖြင့် ဆေးခန်းသွားရန် အလွယ်တကူမဖြစ်သည့်အချိန်၊ ကိုဗစ်ရောဂါနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးမေးမြန်းရန် အခက်အခဲများ ကြုံတွေ့နေချိန်တို့တွင် လမ်းညွှန်မှုများ၊ အကြံဉာဏ်များရရှိစေရန် Call Center ရှိ ဆရာဝန်များ၏ ဖုန်းနံပါတ်များအား ဆက်သွယ်နိုင်သည်။

“လာမပြနိုင်ဘူးဆိုရင် Call Center ကတဆင့် ဆက်သွယ်ဆွေးနွေးလို့ရပါတယ်၊ ဆရာဝန် ခုနစ်ဦးရဲ့ ဖုန်းနံပါတ်တွေရှိပါတယ်၊ ဆက်သွယ်မေးမြန်းနိုင်အောင် Call Center လုပ်ထားတာပါ၊ ဘယ် နေရာကမဆို နယ်မြေကန့်သတ်ချက်မရှိ ဆက်သွယ်နိုင်တယ်၊ ဆရာတွေမေးမယ် ဆိုရင်လည်း ဆရာတွေက လိုအပ်တဲ့လမ်းညွှန်မှုတွေ အကြံဉာဏ်ပေးတာမျိုးတွေ လုပ်ပေးမှာပါ”ဟု ဆက်လက်ပြောသည်။

Call Center ကို ဆက်သွယ်မေးမြန်းနိုင်သော ဖုန်းနံပါတ်များမှာ    ၀၉- ၄၀၂ ၆၇၉ ၁၃၆ ၊ ၀၉- ၇၉၇ ၇၇၂ ၉၈၈ ၊ ၀၉- ၄၄၅ ၄၁၂ ၉၂၂ ၊ ၀၉- ၉၇၄ ၉၃၅ ၅၄၄ စတာတွေဖြစ်ပြီး Call Center ရှိ ဖုန်းများကို နေ့စဉ် နံနက် ၉ နာရီမှ ည ၇ နာရီအတွင်း အခမဲ့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) COVID-19 Response Team အနေဖြင့် ဆရာဝန်စေတနာ့ဝန်ထမ်း ခုနစ်ဦးပါသော Call Center တည်ထောင်ထားကာ သိလိုသည်များ အပေါ် ဆွေးနွေးအကြံပေးခြင်းများကို အခမဲ့ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။

ထိပ်ထားနိုင်