ကျောက်ဆည် အောက်တိုဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သင်ပျိုကျေးရွာပြည်သူများသည့်ယာမြေအများစုပိုင်ဆိုင်သည့်အတွက် ငရုပ်၊ ကြက်သွန်၊ ပဲအမျိုးမျိုးနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးသည့် အပြင် နေ့စဉ့်ဝင်ငွေ ရရှိရေး သီးပင်စားပင်များစိုက်ပျိုးကြရာ ဒေါ်မာမာလွင်စိုက်ပျိုးထားသော ကီလိုမာလကာ စိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကီလိုမာလကာသီးနှံသည် လုပ်သားရှားပါးမှုမရှိခြင်း၊ သွင်းအားစုနည်းပါးခြင်းနှင့် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး ခူးဆွတ်ရောင်းချရာတွင် နေ့စဉ့်ဝင်ငွေရရှိသော သီးနှံတစ်မျိုးဖြစ်ကြောင်းနှင့် စိုက်ပျိုးပြီး တစ်နှစ်အတွင်း ရောင်းတန်းဝင်အသီးများကို စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ရောင်းချရာတွင် လက်လီရောင်းချသူများမှ မာလကာခြံ အထိလာရောက်၍ အသီးအကြီးအသေးအပေါ်မူတည်ပြီး တစ်လုံးလျှင် ငွေကျပ်(၈၀)မှ(၁၅၀)ကျပ်ဖြင့် နေ့စဉ်လာရောက် ဝယ်ယူကြောင်း၊ ကီလိုမာလကာ အပင်(၂၀၀) တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် သင်ပျိုကျေးရွာမှ မာလကာခြံပိုင်ရှင် ဒေါ်မာမာလွင်က ပြောပြသည်။
မာလကာပင်များစိုက်ပျိုးရာတွင် လေဝင်လေထွက်ကောင်းပြီး အပင်များရှင်သန်စေရန်နှင့် ရောင်းတန်းဝင်အသီးများ ရရှိစေရန်အတွက် တစ်ပင်နှင့်တစ်ပင်(၁၂)ပေ၊ တစ်တန်းနှင့်တစ်တန်း(၁၅)ပေအကွာ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်သားအတွင်း ရောင်းတန်းဝင်အသီးများ စတင်ခူးဆွတ်ရကြောင်း၊ အသီးများသီးလုံးဖောက်ပိုးမဝင်စေရန်နှင့် အရောင်တောက်ပစေရန်အတွက် မာလကာသီးများအား ခူးဆွတ်ရန်ရက်ပေါင်း(၆၀)အလိုတွင် စက္ကူဖြင့်ပတ်၍ ပလတ်စတစ်အိတ်များစွပ်ထားပေးရကြောင်း ကီလိုမာလကာသီးနှံသည် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး ဝင်ငွေလွယ်ကူစွာရရှိသဖြင့် စိုက်ပျိုး သင့်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်းနှင့် အခင်းပျက်သည်အထိပိုးကျတတ်ပြီး အရှုံးပေါ်သည့်အတွက် သတိထားရမည့်သီးနှံတစ်မျိုးဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)