တာချီလိတ်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများတွေ့ဆုံ

တာချီလိတ် အောက်တိုဘာ ၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၍ နိုင်ငံရေးပါတီဝင်အင်အားစိစစ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ(၂၆-၁-၂၀၂၃) ရက်စွဲဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် (၃၁-၁-၂၀၂၃)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများအား ထုတ်ပြန်ကြေညာခဲ့၍ နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခွင့်ပြုခြင်း ဆောင်ရွက်ခဲ့ကြပါကြောင်း၊ ပုဒ်မ (၂၅)အရ မှတ်ပုံတင်မည့် ပါတီများနှင့် ပုဒ်မ (၃) အရ ပါတီတည်ထောင်လိုသူများမှ လျှောက်လွှာတင်ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ စိစစ်ခွင့်ပြုလျှက်ရှိပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅(စ)အရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀,၀၀၀ နှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီမှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက်ပါအတိုင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ပြည်ထောင်စု တစ်ဝန်းလုံးစည်းရုံးမည့်ပါတီ (၄) ပါတီနှင့် ရှမ်းပြည်နယ်အတွင်း စည်းရုံးမည့်ပါတီ (၂) ပါတီ၊ စုစုပေါင်း (၆) ပါတီအား သတ်မှတ်ရက် ကာလပြည့်ပြီးဖြစ်သဖြင့် လာရောက်၍ မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး၊ ဦးဇော်မြင့်ဝင်းမှ ရှမ်းပြည်နယ်အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုထားပြီးသော နိုင်ငံရေးပါတီများအား ပါတီတစ်ခုချင်းအလိုက် ပါတီဝင်အင်အားကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ၎င်းပါတီတာဝန်ခံတို့ တိုက်ဆိုင်စိစစ်စစ်ဆေးပြီးသော အခြေအနေများကို တင်ပြခဲ့သည်။ ဆက်လက်ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒုတိယပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဆက်လက်တင်ပြ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံရေးပါတီ ၆ ပါတီမှ တာဝန်ရှိသူများက ပါဝင်မေးမြန်းဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး မှ မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးဖြေကြားပေးပြီး၊ နိုင်ငံရေးပါတီများမှ တင်ပြထားသော ပါတီဝင်အင်အားစိစစ်မှုများအား ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အေးအေးလတ်