တံတားဦး အောက်တိုဘာ ၃၁
တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်တောရဆရာတော်နှင့် တပည့်ဒါယကာ၊ ဒါယိကာများစုပေါင်းတည်ထားသည့် သူငယ်တော်ကျေးရွာ၏ ကျက်သရေဆောင် လောကထွဋ်တင် စေတီတော် ရင်ပြင်တွင် ဆီမီးတစ်ထောင်ပူ ဇော်ပွဲကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ ည(၆)နာရီအချိန်တွင် အဆိုပါဘုရား၌ ကျင်းပကြောင်းသိရသည်။
နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ဆီမီးပူဇော်ပွဲတိုင်း ကျင်းပမြဲဖြစ်တဲ့ လောကထွဋ်တင် စေတီတော်ရင်ပြင်တော်မှာ ဆီမီးတစ်ထောင်ပူဇော်ပွဲကို သီတင်းကျွတ်လပြည့်နေ့၊ လပြည့်ကျော် (၁)ရက် နေ့နှင့်(၂)ရက်နေ့ စုစုပေါင်း(၃)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ထွန်းညှိပူဇော်ပြုလုပ်တာ ဖြစ်ကြောင်း၊ ဆီမီးပူဇော်ကျင်းပွဲသုံးရက်တွင် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်တွင် နှစ်စဉ်အစည် ကားဆုံးနေ့ဖြစ်ကြောင်း ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲတွင် ဒေသခံ စေတနာရှင် အလှူရှင်တို့၏ မိသားစုများမှ စုပေါင်းလှူဒါန်းမှုနဲ့ ထွန်းညှိပူဇော်ခြင်းဖြစ်ကြောင်း သူငယ်တော်တောရဆရာတော်၏ တပည့် ဘဒ္ဒန္တ ခေမာစာရလင်္ကာရ ထံမှသိရသည်။
အလားတူ တန်ဆောင်တိုင်ပွဲတော်ကာလ တန်ဆောင်မုန်းလပြည့်နေ့တွင်လည်း သူငယ်တော်ကျေးရွာ၏ ကျက်သရေဆောင် လောကထွဋ်တင် စေတီတော်ရင်ပြင်တွင် ဆီမီးတစ်ထောင်ပူဇော်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်လည်းသိရသည်။ ရဲတင့်( ပြန်/ဆက်)