သထုံ အောက်တိုဘာ ၃၁
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားအလယ်ရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သီတင်းဝါလကျွတ်ချိန်ခါသာမယ (၃၆)ကြိမ်မြောက် ကျေးရွာလုံးဆိုင်ရာ သက်ကြီးပူဇော်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက နောင်ကုလားအလယ်ရွာ တောင်ပိုင်းရှိ လေသာမြိုင်ကျောင်းဓမ္မာရုံ၌ ကျေးရွာရပ်မိရပ်ဖများ ဦးဆောင်၍ ပြုလုပ်ခဲ့ကြသည်။
ပူဇော်ပွဲတွင် ရှေးဦးစွာ သံဃာတော်များထံမှ တက်ရောက်လာသူတို့က သီလခံယူဆောက်တည်ကြပြီး သက်ကြီးဘိုးဘွားများထံမှ ဆုံးမဩဝါဒစကားများ နာယူကြသည်။
ယင်းနောက် နောင်ကုလားအလယ်ရွာအတွင်းရှိ အသက် ၇၀ နှစ်နှင့်အထက် ရဟန်းတော် ၅ ပါးနှင့် အဘိုးအဘွား စုစုပေါင်း ၅၇ ဦးတို့အား သက်ကြီးပူဇော်ငွေတစ်ဦးလျှင် ငွေကျပ်(၁၉၄၀၀၀)နှင့် လှူဖွယ်ပစ္စည်းများ၊ တစ်ဦးလျှင် အနည်းဆုံး ငွေကျပ်တန်ဖိုး(၅၀၀၀၀)ခန့်ပါရှိသည့် စာရေးတံမဲများဖြင့် ကျေးရွာသူကျေးရွာသားများက ပူဇော်ကန်တော့ခဲ့ကြသည်။
နောင်ကုလားအလယ်ရွာတွင် အဆိုပါသက်ကြီးပူဇော်ပွဲအား ရိုးရာဓလေ့အရသီတင်းကျွတ်လပြည့်ကျော်(၁)ရက်နှင့် သင်္ကြန်နှစ်ဆန်း(၁)ရက်နေ့တို့၌ နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်