ဒဂုံတောင် အောက်တိုဘာ ၃၁
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဥပုသ်သီတင်းဆောက်တည်သူများ၊ အထင်ကရဘုရားစေတီပုထိုးများနှင့် တန်ခိုးကြီးဘုရားများ၌ ဒေသခံဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဝင် ပြည်သူများသည် အောက်တိုဘာ၂၉ ရက်နေ့ နံနက် ၉ နာရီတွင် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ဆရာတော်ကြီးများထံမှ ဥပုသ်သီလခံယူဆောက်တည်ခြင်း၊ တရားတော်များ နာယူကြခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်းစသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ကြခြင်းနှင့် မြို့နယ်ကျက်သရေဆောင် အောင်ဗောဓိစေတီတော်မြတ်ကြီး၊ ရှေးဟောင်းသမိုင်းဝင် အတုလအောင်ဇေယျုံ (ဦးဘိုးလှ ဘုရား)၊ ကျောက်စိမ်းဘုရားတို့၌ ပန်း၊ ရေချမ်း၊ ဆီးမီး၊ အမွှေးနံ့သာများ ကပ်လှူပူဇော်ကြခြင်း၊ နေ့နံအလိုက် ဂြိုလ်ခွင်များတွင် ပန်း၊ ဆီမီး၊ ရေချမ်းများနှင့် ရေသပ္ပါယ်ပူဇော်ဆုတောင်းခြင်း၊ စတုဒီသာကျွေးမွေးခြင်း၊ မဟာပဝါရဏာပွဲတွင် သိမ်ဆင်းလောင်းလှူကြခြင်းများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့ဘုရားဖူးပြည်သူများ စည်ကားများပြားနေသဖြင့် ဘုရားဖူးပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် စိတ်အေးချမ်းစွာ ဘုရားဖူးမြော်နိုင်ရေးအတွက် တာဝန်ရှိသူများက လုံခြုံရေးဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။
သန်းသန်းအေး