(၁၄၉) ကြိမ်မြောက် ကန်ကြီးစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

မုဒုံ အောက်တိုဘာ ၃၀

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၄၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာလှေလှော်သဘင်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို သီတင်းကျွတ်လပြည့်နေ့ ယမန်နေ့ကကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်မာ့ရိုးရာလှေလှော်သဘင်ပြိုင်ပွဲကို ကြည့်ရှုအားပေးပြီး မြန်မာ့ရိုးရာအားကစားနည်းတစ်ခုဖြစ်သည့် လှေလှော်အားကစားနည်းကို မတိမ်ကောမပပျောက်သွားစေရန် ဆက်လက်ထိန်းသိမ်းကြ၍ တန်ဖိုးထားမြတ်နိုး တတ်ကြစေလိုကြောင်း၊ ပြိုင်ပွဲတွင်စိတ်ပါဝင်စားစွာ ပါဝင်ယှဥ်ပြိုင်ကြသည့် လူငယ်လူရွယ်များကို ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။ အဆိုပါ ပြိုင်ပွဲကို မြို့ပေါ်ရပ်ကွက်များမှ လှေလှော်အသင်း(၁၁) သင်းတို့က ပါဝင်ယှဥ်ပြိုင်လှော်ခတ်ကြပြီး ဗိုလ်လုပွဲစဥ်တွင် ကောင်းထက်လှေလှော်အသင်းနှင့် မျိုးဆက်သစ်လှေလှော်အသင်းတို့က ယှဥ်ပြိုင်လှော်ခတ်ကြရာ မျိုးဆက်သစ်လှေလှော်အသင်းက အနိုင်ရဗိုလ်စွဲခဲ့ပြီး ပြိုင်ပွဲအားနှစ်ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ကန်ကြီးစေတီတော် သြဝါဒစရိယ ဆရာတော်ဘဒ္ဒန္တကေတုဝါရ၊ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ကန်ကြီးစေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပထမဆု (တံခွန်စိုက်ဒိုင်း၊ တစ်ဦးချင်းနှင့် အသင်းလိုက်ငွေသားဆု ရှစ်သိန်းကျပ်)၊ ဒုတိယဆု ( တစ်ဦးချင်းနှင့် အသင်းလိုက်ငွေသားဆု ခြောက်သိန်းကျပ်)၊ တတိယဆု ( တစ်ဦးချင်းနှင့် ငွေသားဆု လေးသိန်းကျပ်)၊ စတုတ္ထဆု (အသင်းလိုက်ငွေသားဆု သုံးသိန်းကျပ်)နှင့် နှစ်သိမ့်ဆုများရရှိသည့် အသင်း(၇)သင်းအား တစ်သင်းလျှင် ငါးသောင်းကျပ်စီ  ဂုဏ်ပြုဆုများနှင့် အလှပြရေကူးအဖွဲ့တို့အား အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)