မော်လမြိုင် အောက်တိုဘာ ၃၀
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ ၂၀၂၄ ခုနှစ် ASEAN Smoke Free Tovrisn ပြိုင်ပွဲ ဝင်ရောက် ယှဥ်ပြိုင်နိုင်ရေးအတွက် ကျိုက္ခမီမြို့ ကျိုက္ခမီရေလယ်ဘုရား ကုန်းတော်ပေါ်၌ ဆေးလိပ်ငွေ့ကင်းစင် နယ်မြေအဖြစ် သတ်မှတ်ပြီး ဆေးလိပ်ငွေ့ကင်းစင် ကျိုက္ခမီရေလယ်ဘုရား ပရဝုဏ်တစ်ခွင် ဆိုင်းဘုတ်တင် အခမ်းအနား ကို အောက်တိုဘာ ၂၉ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်အစိုးရ အဖွဲ့၀င် ဝန်ကြီးများ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ဆေးလိပ်ငွေ့ကင်းစင် ကျိုက္ခမီရေလယ်ဘုရား ပရဝုဏ်တစ်ခွင် ဆိုင်းဘုတ် တင်ခြင်းအား ဆောင်ရွက်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၊ပြည်နယ်အစိုးရ အဖွဲ့၀င် ဝန်ကြီးများ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
“ဆေးလိပ်ငွေ့ကင်းစင်ရေးမြို့အဖြစ် ဆောင်ရွက်ရန်အတွက် အခြေခံပညာကျောင်းများ၊ အစိုးရဌာနရုံးများ၊ ဘာသာရေးအဆောက်အအုံများ၊ လူအများစုဝေးလေ့ရှိသည့် နေရာများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများ၊ အားကစားရုံနှင့် ကစားကွင်းများနှင့် ဆေးလိပ်အရောင်းဆိုင်များတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး နေရာများအဖြစ် သတ်မှတ်၍ စီမံချက်ချ ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်မြို့လုံး ဆေးလိပ်ငွေ့ကင်းစင်ဖို့အတွက် ဆေးလိပ်ငွေ့ကင်းစင်သွားအောင် အားကစားပွဲတွေ၊ ဟောပြောပွဲတွေ လုပ်သွားမယ် အဲ့ဒါအပြင် လုပ်ရှားမှု ဗီနိုင်းတွေ လက်ကမ်းစာစောင်များနှင့် စတေကာ ကပ်တာတွေ လုပ်သွားမှာဖြစ်ကြောင်း” ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထို့ပြင် ဆေးလိပ်မသောက်ရ နယ်မြေများအဖြစ် သတ်မှတ်ခြင်းအပြင် ဆေးလိပ်သောက်ခွင့်ရှိသော နေရာများကိုပါ သီးသန့် ထားရှိပေးမည်ဖြစ်ပြီး အခါအားလျော်စွာ စစ်ဆေးခြင်းများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရှိရသည်။
ကျောင်းသားလူငယ်တွေ၊ ဒေသခံပြည်သူတွေနဲ့ ဝန်ထမ်းတွေအကြား ဆေးလိပ်သောက်သုံးမှု လျော့ချနိုင်ဖို့၊ ပတ်ဝန်းကျင်တွင် ဆေးလိပ်သောက်သုံးမှု မရှိစေဖို့၊ ဆေးလိပ်ငွေ့က တစ်ဆင့် ဆေးလိပ်ငွေ့အန္တရာယ်ကို ကာကွယ်နိုင်ဖို့နဲ့ လူငယ်တွေအကြား မျိုးဆက်ပွား ကျန်းမာရေးအကြောင်း ပိုမိုသိရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်