မိုင်းတုံ အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြု လုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီ က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲရုံးခန်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်ဦး က ကြိုတင်ဆန္ဒမဲများ ရောက်ရှိလာပါ က စနစ်တကျ ထားရှိဆောင်ရွက်ရမည့် အခြေအနေနှင့် ကြိုတင်ဆန္ဒမဲလက် မှတ်အိတ်များအား ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လက်ခံထိန်းသိမ်းသွားမည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ က နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့် စေ့စပ်ညှိနှိုင်း ရေးကော်မတီဝင်များ၏ ရှေ့မှောက်တွင် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေးခဲ့ပြီး နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များ က ကြိုတင်ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)