ရန်ကုန် အောက်တိုဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်း သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက လာရောက်လည်ပတ်ဈေးဝယ်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ထိုသို့ရောင်းဝယ်လျက်ရှိရာ ဈေးဆိုင်ခန်းများသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများက လှည့်လည်ကြည့်ရူအားပေးကြပြီး ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှလုပ်ငန်းရှင်များ၏ အရောင်းဆိုင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းရှင်များ၏ အရောင်းဆိုင်များတွင် ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိသည်။
ပွဲတော်ရက်အတွင်း လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား အလှမီးမျိုးစုံများဖြင့်လည်းကောင်း၊ မြို့နယ်(၈)မြို့နယ်မှ ပုံစံမျိုးစုံဖြင့်အလှဆင်ထားရှိပြီး ပူဇော်ကန်တော့ရန်ပြုလုပ်ထားသည့်ပန်းခင်းများတွင်လည်းကောင်း ပြည်သူများကမိသားစုလိုက်လူငယ်များက အဖွဲ့လိုက်နှင့်တစ်ဦးချင်း အလှဓါတ်ပုံများရိုက်ကူး၍ ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲလျက်ရှိကြသည်။
ထို့အပြင်ပွဲတော်ရက်အတွင်း နေ့စဉ် E-sport ဂိမ်းပြိုင်ပွဲများ၊ စတုဒိသာကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ ဆက်ကပ်၊ မျက်လှည့်၊ DJ ၊ Dancer များ၏ ဖျော်ဖြေမှူများကို အားပါးတရပျော်ရွှင်စွာ ကြည့်ရှုခံစားကြသည်။
ပြည်သူများအနေဖြင့် စိတ်လက်ပေါ့ပါးပျော်ရွှင်စွာ အလှပန်းခင်းများနှင့်အတူ မီးထွန်းပွဲကို ကြည့်ရှုခံစားရင်းထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဝယ်ယူနိုင်ရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရောင်းချပေးလျက်ရှိသည့် ဆန်၊ ဆီ၊ စားသောက်ကုန်များအား လာရောက်ဝယ်ယူအားပေးကြသည်။
ပွဲတော်လာပြည်သူများအတွက် သွားရေးလာရေး လွယ်ကူစေရန်အတွက် အကြို/အပို့ကားများကိုလည်းစီစဉ်ထားသဖြင့် အဆင်ပြေစွာသွားလာလျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)