ပုဇွန်တောင်မြို့နယ်၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့) မဟာပဝါရဏာ အခမ်းအနားကျင်းပ

ပုဇွန်တောင် အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူး၍ ၁၃၈ ခုနှစ်၊ အဘိဓမ္မာအခါတော်နေ့အခမ်းအနား၊ မဟာပဝါရဏာအခမ်းအနား၊ ဝါတွင်းသီလခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်များ အောင်ပွဲရေစက်ချအခမ်းအနားကို ရွှေဘုန်းပွင့်ဘုရားဝန်းအတွင်းရှိ သာသနဇောတိကဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းမှ စတင်ကျင်းပခဲ့သည်။

သီတင်းကျွတ်လပြည့်နေ့ နံနက် ၅ နာရီအချိန်တွင် ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများက ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား အာရုဏ်ဆွမ်းတော်ကြီး ကပ်လှူပူဇော်ကြပြီး ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် သံဃာတော် (၃)ပါးနှင့် ကိုရင်()ပါးတို့အား အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဝါတွင်းသီလခံယူပွဲကိုကျင်းပခဲ့ရာ ဘဏ္ဍတော်ထိန်းဂေါပကများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့်ဘုရားဖူးပြည်သူများမှ ရွှေဘုံသာစံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏောထံမှ နဝင်္ဂသီလခံယူဆောက်တည်ကြသည်။

ထို့နောက် နေ့လယ် ၃ နာရီတွင် ပဝါရဏာပွဲကို ဆောင်ရွက်ခဲ့ရာအခမ်းအနားကို “နမောတဿ” သုံးကြိမ် ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး သီရိမင်္ဂလာစံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိဿရထံမှ နဝင်္ဂသီလခံယူဆောက်တည်ကြပြီးနောက် ဝါဆို၊ ဝါကပ်ကြသော သံဃာတော် (၃)ပါးတို့က သိမ်အတွင်း သိက္ခာတော်၊ ဝါတော်အကြီးဆုံးဖြစ်သော ဆရာတော်ကြီးထံ ပဝါရဏာပြုကြပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် သီရိမင်္ဂလာစံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဉာဏိဿရထံမှ ဝါတွင်းကာလတစ်လျှောက်ပြုခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေ ခဲ့ကြသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဟန်စုယဉ်