မတ္တရာ အောက်တိုဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ်သံဃပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ သီတင်းကျွတ်လပြည့်နေ့ မွန်းလွဲ ၃ နာရီက အောင်မြေသုခကျောင်းတိုက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃာ့ဝန်ဆောင်၊ အောင်ကံသာကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလကိုခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့်အဖွဲ့ဝင်များမှ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အောင်ကံသာကျောင်းတိုက်ဆရာတော်မှ အနုမောဒနာတရား ချီးမြှင့်ပြီး ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များသည် အောင်မြေသုခကျောင်းတိုက်အတွင်းရှိ သိမ်တော်အတွင်း၌ သံဃပဝါရဏာဖတ်ပွဲကျင်းပပြုလုပ်ခဲ့သည်။ ထို့နောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ဆက်လက်ကျင်းပရာ ဆရာတော် သံဃာတော်(၁၈၀)ပါးတို့သည် အောင်မြေသုခကျောင်းတိုက်ဝင်းအတွင်း ကြွရောက်အလှူခံတော်မူကြရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်မျိုးသက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြည်သူများမှ သတ်မှတ်နေရာများမှနေ၍ ဆွမ်းဆန်များ၊ ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြသည်။
အဆိုပါ မြို့လုံးကျွတ်သံဃပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃)စစ်ဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်ပြည်သူများမှ၊ လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်းပါဝင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)