ရန်ကုန် အောက်တိုဘာ ၃၀
ယနေ့သည် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့်တန်ခိုးကြီးဘုရား၊ စေတီများ၌ အဘိဓမ္မအခါတော်နေ့အခမ်းအနားများကို ကျင်းပလျက်ရှိကြရာ ကုသိုလ်ဒါနပြကြသူ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်းကားများပြားလျက်ရှိသည်၊၊
ရွှေတိဂုံစေတီတော်ဘဏ္ဏာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ဆွမ်းတော်ကြီးကပ်လှူပွဲ၊ အဘိဓမ္မာအခါတော်နေ့အခမ်းအနား၊ ဝါတွင်းသီလခံယူပွဲနှင့်ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်(အောင်ပွဲ) ရေစက်ချအခမ်းအနားများကို စေတီတာ်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်၊၊
ဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓရုပ်ပွားတော်များအား အရုဏ်တက်ချိန်တွင် ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးဆွမ်းများ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဝန်ထမ်းများကဆက်ကပ်လှူဒါန်းကြသည်၊၊
ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဝန်ထမ်းများကအဘိဓမ္မာအခါတော်နေ့ဆိုင်ရာ သိမှတ်ဖွယ်ရာ အမေးအဖြေများပြုလုပ်ခြင်း၊ ဓမ္မဒေသနာတော်များဆုပေါင်းရွတ်ဆိုခြင်းများ ဆုတောင်းအမျှဝေသာဓုခေါ်ဆိုခြင်းစသည့်အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်၊၊
ယင်းနောက် ဝါတွင်းသီလခံယူပွဲနှင့် ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်(အောင်ပွဲ) ရေစက်ချအခမ်းအနားကို ဆက်လက်ကျင်းပရာ ရွှေတိဂုံစေတီတော်ဘဏ္ဏာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်၊၊
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဟာဝိသုဒ္ဒါရုံကျောင်းတိုက် ပဓာန နာယက ဘဏ္ဏာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဏိတ၊ သ၊ စ၊ အ ပါဠိပါရဂူ တိပိဋကဓရဓမ္မဘဏ္ဏာဂါရိက ဘဒ္ဒန္တသိရိန္ဒာဘိဝံသ(ယောဆရာတော်)ထံမှ ဧည့်ပရိသတ်များကကိုးပါးသီလခံယူဆောက်တည်ကြသည်၊၊
ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ဇယမင်္ဂလာအနုမောဒနာ စာတမ်းကို ဖတ်ကြားလျှောက်ထားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်လက်လှူဒါန်းကြသည်။
ယင်းနောက်နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယအဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဒွိပိဋကဓရဝိနယ+ဒီဃနိကာယ ပါဠိပါရဂူရွှေပြည်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာဂိတထံမှ ဧည့်ပရိတ်သတ်များက လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြားပြီး ရေစက်ချအမျှပေးဝေကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ယနေ့သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌ ရွှေတိဂုံစေတီတော်မြတ်ကြီးရင်ပြင်နှင့် အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆောင်းတန်းလေးသွယ်၌ ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်းကားလျက်ရှိသည်။
ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများသည် ရွှေတိဂုံစေတီတော်ပတ်ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီး ၁၁၀၀၀ ကို ထွန်းညှိပူဇော်ဆက်ကပ်လှူဒါန်းကြသည်။
အလားတူ မဟာဝိဇယစေတီတော်ဂေါပကအဖွဲ့ကကြီးမှူး၍ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ဂန္ဓကုဋိတိုက်အတွင်း၌ ကျင်းပရာ အရုဏ်တက်ချိန်တွင် စေတီတော်အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဆွမ်းတို့ဖြင့် ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အဘိဓမ္မာတရားတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။
ညနေပိုင်းတွင် ဂေါပကအဖွဲ့ဝင်များနှင့် ဘုရားဖူးလာပြည်သူများက ဆီမီး ၁၁၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်လှူဒါန်းကြသည်။
ထို့ပြင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့နံနက်ပိုင်းတွင်ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယကိုးပါးသီလခံယူ ဆောက်တည်၍ အနုမောဒနာတရားနာကြားပြီး လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
မွန်းလွဲပိုင်းတွင် အဘိဓမ္မာအခါတော်နေ့အခမ်းအနားကိုကျင်းပရာ နမောဒဿ ၃ ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး နတ်ဗြဟ္မာများကိုပင့်ဖိတ်ခြင်း၊ ဘုရားအား ပင့်လျှောက်ခြင်းစသည်တို့ကို ပြုလုပ်ဆောင်ရွက်သည်။
ထို့နောက် အဘိဓမ္မာအခါတော်နေ့အကြောင်းနှင့်စပ်လျဉ်း၍ အလှည့်ကျသဘာပတိ ဦးမြင့်သိန်းက အကျယ်တဝင့်ပြောကြားကာ အဘိဓမ္မာဒေသနာတော်ကို စုပေါင်းရွတ်ဖတ်ပူဇော်ကြပြီး မေတ္တာပွားကြသည်။
ညပိုင်းတွင် ဂေါပကအဖွဲ့ဝင်မျာ၊ ဂေါပကရုံးဝန်ထမ်းများ၊ ဝတ်အသင်းသူ၊ အသင်းသားများနှင့် အလှူရှင်များက ဆီမီး ၆၅၀၀ ထွန်းညှိပူဇော်ကြသည်။
ထို့အတူ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ဂေါပကအဖွဲ့က ကြီးမှူး၍ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီတွင် စေတီတော်ရင်ပြင်ရှိ နန်းဦးဘုရားတန်ဆောင်း၌ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် ဝန်ထမ်းများက နတ်ဗြဟ္မာများပင့်ဖိတ်ခြင်း၊ အဘိဓမ္မာတရားဟောကြားတော်မူသော မြတ်စွာဘုရားအား ရှိခိုးပူဇော်သည့် ဂဒ္ဒနာဂါထာကို ရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တာပို့အမျှပေး ဆုတောင်းကြသည်။
အရုဏ်တက်ချိန်တွင် ဂေါကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများက ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ြမတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ကပ်လှူပူဇော်ကြသည်။ ညပိုင်းတွင် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ဆက်ကပ်ကြသည်။
အလားတူ ဆူးလေစေတီတော်၊ ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ် စေတီတော် (ရန်ကုန်)၊ မင်းဓမ္မကုန်းတော်ရှိ လောကချမ်းသာအဘယလာဘမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရှေးဟောင်းသမိုင်းဝင် အပရာဇိတဆံတော်ရှင်ကျိုက်ဝိုင်းစေတီတော်၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ရွှေဘုန်းပွင့်စေတီတော်နှင့် ဆုတောင်းပြည့် မယ်လမုစေတီတို့တွင်လည်း ဂေါပကအဖွဲ့များက ကြီးမှူး၍ ယနေ့နံနက်ပိုင်း အရုဏ်တက်ချိန်တွင် စေတီတော်နှင့် ဘုရားရုပ်ပွားတော်များအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးတို့ဖြင့် ကပ်လှူပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များက အဘိဓမ္မာတရားတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ရန်ကုန်မြို့ရှိ ဘုရားစေတီများတွင် ဘုရားဖူးလာပြည်သူများက ပန်း၊ ရေချမ်း၊ ဆီမီးများ ပူဇော်ကြခြင်း၊ အလှူရှင်များက စတုဒိသာကျွေးမွေးလှူဒါန်းကြခြင်း၊ မြို့နယ်ရပ်ကွက်အသီးသီးရှိ လမ်းများ၌ ကုသိုလ်ကောင်းမှုပြုလုပ်ကြခြင်း၊ သက်ကြီး၊ ဝါကြီး၊ မိဘ၊ အဘိုးအဘွား၊ ဆရာသမားများအား ကန်တော့ခြင်း၊ ဥပုသ်သီလဆောက်တည်ကြခြင်း၊ ရုံးများ၊ လူနေအိမ်များနှင့်လမ်းများ၌ ရောင်စုံလျှပ်စစ်မီးများ ဆီမီးများ၊ ဖယောင်းမီးများဖြင့် ထွန်းညှိပူဇော်ကြခြင်းများ ပြုလုပ်ကြရာမြန်မာတို့၏ ချစ်စရာကောင်းသော ယဉ်ကျေးမှုဓလေ့ပင်ဖြစ်ပေတော့သည်။
အောင်မြင့်(ပြန်/ဆက်)