ပလင်းကမ်းသာယာဆင်စခန်း၌ ခရီးသွားဆင်ချစ်သူများ လာရောက်မှုများပြား

ညောင်ဦး အောက်တိုဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အနောက်ပလင်းကျေးရွာ၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ သီတင်းကျွတ်လပြည့်နေ့ ခရီးသွားဆင်ချစ်သူများဖြင့် စည်ကားလျက်ရှိကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။

ပလင်းကမ်းသာယာဆင်စခန်းသည် ညောင်ဦး-ပခုက္ကူ၊ မြင်ခြံသွားကားလမ်းဘေး အနောက်ပုလင်းကျေးရွာ၊ ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိပြီး မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးခရီးသွားများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့လာရောက်ရင်း ခရီးတထောက်အဖြစ် ပလင်းကမ်းသာယာဆင်စခန်းသို့လာရောက်၍ ဆင်စာကျွေးခြင်း၊ ဆင်စီးခြင်း၊ ဆင်ပြတိုက်ထဲတွင်ပြသထားသည့် ဆင်တစ်ကောင်လုံးအရိုးစု၊ ဆင်စွယ်များ၊ ဆင်မှတ်ပုံတင်စာအုပ်နှင့်ဧရာဝတီမြစ်ကမ်းဘေး ခြေတံရှည်ထန်းရွက်မိုးတဲများပေါ်မှ အစားအစာများမှာယူစားသောက်ကြခြင်းများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။ ခရီးသွားဆင်ချစ်သူများသည် ဆင်များနှင့်ဓာတ်ပုံရိုက်ခြင်း၊ ရှုမျှော်ခင်းကြည့်တံတားပေါ်တွင် ရှုခင်းကြည့်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ကလေးဥယျာဉ်တွင်လည်း ကလေးငယ်များဝင်ရောက်ကစားခြင်း၊ ဆင်ရေချိုးတာကြည့်ရှုကြခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း ပလင်းကမ်းသာယာဆင်စခန်းမှ သစ်အုပ်ကြီးဦးစောဝါးဝါးကပြောကြား၍သိရသည်။

ဒီပါလင်း