သထုံမြို့၌ (၃၁)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့မဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူပွဲ ကျင်းပပြုလုပ်

သထုံ အောက်တိုဘာ ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများ ကြီးမှူး၍ ကျောင်းတိုက် အသီးသီးတို့မှ ဂိုဏ်းပေါင်းစုံ သံဃာတော်များ သံဃာ့မဟာပဝါရဏာပြုပွဲနှင့် ပဝါရဏာပြု သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူခြင်းကို သီတင်းကျွတ်လပြည့်‌ (အဘိဓမ္မာအခါတော်နေ့) မွန်းလွဲပိုင်းက လေးဆူဓာတ်စံရွှေစာရံ စေတီတော် တောင်ဖက်မုခ်အနီးရှိ ကလျာဏီသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဃပဝါရဏာပြုပွဲတွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသူရိယ အရှင်သူမြတ်မှ ဦးဆောင်၍ သံဃာတော်အပေါင်းက နမောတဿသုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခြင်း၊ ပဝါရဏာပြုသံဃာ့အရေအတွက် ဖတ်ကြားခြင်း၊ ပဝါရဏာ အမေးအဖြေပြုခြင်း၊ ဝါစဉ်အလိုက် သံဃာ့ပဝါရဏာပြုခြင်း၊ မေတ္တာသုတ်ပရိတ်တရားတော်များ ပွားများပူဇော်ခြင်း၊ ထေရ်ကြီးဝါကြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ ဂိုဏ်းပေါင်းစုံ သံဃာတော်များက အဆုံးအမဩဝါဒများခံယူခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ယင်းနောက် ပဝါရဏာပြုတော်မူကြသည့် သံဃာတော်များအား အမှတ် (၆၀၆) အမြှောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ် ကိုဦး၊ သထုံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်တို့ ဦးဆောင်၍ သထုံမြို့နယ်အတွင်းရှိ တပ်မ၊ တပ်နယ်၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြို့သူမြို့သားများ စု‌ပေါင်းကာ စာရေးတံမဲများ ဆက်ကပ်ခြင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူ ပူဇော်ခဲ့ကြသည်။

မဟာပဝါရဏာပြုရာသို့ သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီး၌ ဝါဆိုဝါကပ်တော် မူခဲ့ကြသည့် ဂိုဏ်းပေါင်းစုံ သံဃာတော်အရှင်သူမြတ် စုစုပေါင်း ၆၉၆ ပါးတက်ရောက် ပဝါရဏာပြုတော်မူခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်