မိတ္ထီလာ၊ အောက်တိုဘာလ ၂၂
မိတ္ထီလာမြို့နယ် အင်းကျေးရွာအုပ်စု မုန်တောကျေးရွာမှ ဒေသခံတောင်သူများစိုက်ပျိုးလျက်ရှိသည့် ငရုတ်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မုန်တောကျေးရွာတွင် အိမ်ခြေ ၅၀ ကျော်ရှိရာ အများစုမှာ လယ်ယာစိုက်ပျိုးရေးကိုသာ အဓိက စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင်လည်း နှမ်း၊ နေကြာ၊ ပဲအစား ရာသီဥတုဒဏ်ခံပြီး ဒေသခံတောင်သူများ အတွက် တွက်ချေကိုက်သော ချည်မျှင်ရှည်ဝါနှင့် ငရုတ်ကိုသာ အဓိက စိုက်ပျိုးလာကြသည်။ ထိုသို့ စိုက်ပျိုးရာ ငရုတ်ကို နယုန်လအကုန်တွင် တစ်ပင်နှင့် တစ်ပင် နှစ်ပေ ပတ်လည်လေးကွက်ကြား စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးကြသည်။ ယင်းသို့ စိုက်ပျိုးပြီးပါက ငရုတ်စိုက်ခင်းတွင် ရေသွင်းပေးခြင်း၊ ပေါင်းရှင်းခြင်းနှင့် ပိုးမွှားကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးရသည်။ အဆိုပါ ငရုတ်များ စိုက်ပျိုးပြီး နှစ်လ အကြာတွင် ငရုတ်သီးများ စတင်ခူးဆွတ်နိုင်ပြီးဖြစ်၍ ငရုတ်များ ခူးဆွတ်ရာတွင် (၅)ရက် တစ်ပါတ်လျှင် တစ်ကြိမ် ခူးဆွတ်ရပြီး ရရှိလာသော ငရုတ်သီးစိမ်းများကို ရေနွေးနှင့် ဖျော၍ နေလှန်းပြီး ငရုတ်သီးခြောက် ပြုလုပ်လျက်ရှိသည်။
ယခုနှစ်တွင် ငရုတ်ကို နှစ်ဧက နီးပါးစိုက်ပျိုးထားရာ ငရုတ်သီးများ စတင်ခူးဆွတ်နေပြီးဖြစ်၍ ခူးဆွတ်ရာတွင် (၅)ရက် တစ်ပါတ်လျှင် ငရုတ်ခူးဆွတ်သူ (၁၀) ဦးဖြင့် ခူးဆွတ်ရပြီး ရရှိလာသော ငရုတ်သီးစိမ်းများကို ရေနွေးနှင့် ဖျော၍ နေလှန်းပြီး ငရုတ်သီးခြောက် ပြုလုပ်လျက်ရှိသည်။၎င်းရရှိသည့် ငရုတ်သီးခြောက်များကို မိတ္ထီလာမြို့သို့ သွားရောက် ရောင်းချရာ ငရုတ်သီးခြောက် တစ်ပိဿာလျှင် ငွေကျပ် ၄၂၀၀ ဖြင့် ရောင်းချရကြောင်း ငရုတ်စိုက်တောင်သူ ဦးထွန်းထွန်းထံမှ သိရသည်။
အဆိုပါငရုတ်စိုက်ပျိုးခြင်းကို မုန်တောကျေးရွာအပြင် အင်းကျေးရွာအုပ်စု၊ ကန်နီကျေးရွာအုပ်စု၊ အလည်ရွာကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာများတွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)