မအီမြို့တွင် အင်တောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် သက်တော်(၈၄)နှစ်ပြည့် မွေးနေ့မင်္ဂလာအခမ်းအနား ကျင်းပ

မအီ    အောက်တိုဘာ    ၂၉

မအီမြို့ အမှတ်(၄)ရပ်ကွက်ရှိ အင်တောင်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကေသရ၏ သက်တော်(၈၄)နှစ်၊ သိက္ခာတော်(၆၄)ဝါပြည့်၊ (၄၈)ကြိမ်မြောက် မွေးနေ့မင်္ဂလာအခမ်းအနားကို အောက်တိုဘာလ(၂၈)ရက်၊ သီတင်းကျွတ်လဆန်း(၁၄)ရက် ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းတိုက် ပရဝုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကြွရောက်လာကြသည့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုပြီး ဩကာသကန်တော့ချိုးဖြင့် ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ အင်တောင် ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကေသရထံ၌ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များအား ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြ သည်။ ထို့နောက် အမှတ်(၄)ရပ်ကွက်မှ ဒေါ်မတင်အေးမိသားစုတို့က ဆရာတော်ဘုရားကြီး၏ သက်တော်(၈၄)နှစ်ပြည့်မွေးနေ့ကိတ် (Birthday Cake) အလှူတော်အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ စေတနာရှင်အလှူရှင် အသီးသီးတို့မှ လှူဖွယ်ဝတ္ထုအစုစုတို့အား ဆရာတော်သံဃာတော်များသို့ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် အလယ်ကျောင်းဆရာတော်ဘုရားကြီး ထံ၌ အနုမောဒနာတရားတော်မြတ်ကို နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည် တည်တံ့စေရန်ရည်ရွယ်၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)