ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓ ပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

ကျိုက်ထို အောက်တိုဘာ ၂၉

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ယနေ့နံနက် (၅)နာရီ (၃၀)မိနစ် အချိန်၌ ဆံတော်ရှင်ကျိုက်ထီးရိုးရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုက်ထီးရိုး ရင်ပြင်တော်ရှိ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရုံး၌ ကျိုက်ထီးရိုး စေတီ‌တော် ဩဝါဒစရိယ ဆရာတော်များအား မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များမှ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဩဝါဒစရိယ ဆရာ‌‌တော် (၁၁)ပါးမှ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာ တင်လှူပူဇော်ပြီး စေတီတော်မြတ်အားဆရာတော်ကြီးများနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် ပူဇော်ခဲ့ကြသည်။

ယင်းနောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာကို နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်ဖွင့်လှစ် ပြီး ဆရာတော် ဘဒ္ဒန္တတေဇဝန္တ (မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင်) ထံမှ (၉)ပါးသီလ ခံယူဆောက်တည်၍ ဆရာတော်ကြီးများက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈယ် ချီးမြှင့်ပေးကာ ဩဝါဒစရိယ ဆရာတော်ကြီးများထံ  မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်မှ  သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ယင်းနောက် ကျိုက်ထီးရိုးစေတီ‌တော် ဩဝါဒစရိယဆရာတော် နိုင်ငံတော် သံဃာ့နာယက အဖွဲ့ဝင် အဂ္ဂမဟာသဒ္ဓမ္မ‌ ဇောတိကဓဇ မရမ်းချိုကျောင်းတိုက် ဆရာတော်ဦးအာစရမှ ဩဝါဒကထာ ချီးမြှင့်တော်မူပြီး ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဩဝါဒစရိယ (မွန်ပြည်နယ် သံဃာ့နာယကအဖွဲ့)ဥက္ကဋ္ဌ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဘယသုတရာမ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသာသနက လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ထို့နောက် မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရဲမှူးကြီးမျိုးဆွေ၊ အမှတ်(၄၄) ခြေမြန်တပ်မ ဌာနချုပ် ဒုတပ်မမှူး၊ ဗိုလ်မှူးကြီး ထင်လင်းအောင်၊ မွန်ပြည်နယ် သာသနာရေးဦးစီးမှူး ဦးအောင်ဝင်းထွန်းတို့မှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီ ဗုဒ္ဓပူဇနိယပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဘုရားဖူးပြည်သူများက ဆွမ်းဆန်စိမ်းနှင့်အတူ  လှူဖွယ်ဝတ္ထုများအား လောင်းလှူခဲ့ကြကြောင်း သိရသည်။  ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏  ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)