ရွာငံ အောက်တိုဘာ ၂၂
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း/တိုက်ကျွေးခြင်း အစီအစဉ်တွင် (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွာငံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာခွန်ဝင်းလတ် က သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် Human Papilloma Virus (HPV) ကြောင့် ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းတွင် ဖြစ်ပွားတတ်သည့် ကင်ဆာများကို ကာကွယ်ပေးနိုင်ကြောင်း၊ အသက်(၉)နှစ် မှ (၁၀)နှစ်အထိ အမျိုးသမီးငယ်တိုင်းကို တစ်ကြိမ်နှင့်တစ်ကြိမ် ၁၂ လခြားပြီး နှစ်ကြိမ်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် ရွာငံမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်မြတ်ဖြိုးမေနှင့် ဝန်ထမ်းများ က ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၉)နှစ်မှ(၁၀)နှစ်အထိ အမျိုးသမီးငယ်များအား ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ သည်။
ရွာငံမြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အထိ အမျိုးသမီးငယ် စုစုပေါင်း ၇၃၇ ဦးရှိပြီး ကာကွယ်ဆေး ထိုးရမည့် အမျိုးသမီးငယ်များအား နီးစပ်ရာ ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးသန့်(ရွာငံ)