ပြင်ဦးလွင် အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ တန်ခိုးကြီးဘုရားစေတီပုထိုးများနှင့် သွားရောက် လည်ပတ်စရာနေရာများတွင် ဘုရားဖူးလာပြည်သူများနှင့် ခရီးသွားဧည့်သည်များဖြင့် သီတင်းကျွတ်ကာလတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာနေ့တွင် ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား (ပြည်ချစ်ဘုရား) သို့ ပြင်ဦးလွင်မြို့နေ ပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ လာရောက်ဖူးမြော်သူ ပြည်သူများနှင့် စည်ကားလျက်ရှိကြောင် သိရသည်။ အလားတူ ဘုရားဖူးပြည်သူများသည် ပြင်ဦးလွင်မြို့တွင်းရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား (ပြည်ချစ်ဘုရား)၊ မဟာ မုနိမြတ်ရှင်တော်ဘုရား (ဦးခန္တီဘုရား)၊ ဇိနမာရ်အောင် လွတ်လပ်ရေး အောင်စေတီတော် မြတ်ကြီး(ကျောက်တောင်ကြီးဘုရား)၊ နှီးဘုရား၊ ပိတ်ချင်းမြောင် မဟာနန္ဒာမူလိုဏ်ဂူ အစရှိသည့် ဆုတောင်းပြည့်ဘုရားများတွင် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာနေ့ ကုသိုလ်အဖြစ် ပန်းဆီမီးနှင့် ရေချမ်းများ ကပ်လှူပူဇော်ခြင်း တရားဘာဝနာပွါးများ အားထုတ်ခြင်းများဖြင့် ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့အပြင် ခရီးသွားပြည်သူများသည် ပွဲကောက်ရေတံခွန်တွင် သဘာဝအလှအပများဖြင့် အပန်း ဖြေခြင်း၊ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ဒီဇင်ဘာဥယျာဉ်အပါအဝင် သွားလာလည်ပတ်စရာနေရာများသို့ သွားရောက်လည်ပတ်ရင်း ပင်ပန်းနွမ်းနယ်မှုများကို အပန်းဖြေ အနားယူ လျက်ရှိကြသည်။
ယခုလိုသီတင်းကျွတ်ပိတ်ရက်ကာလများတွင် မိသားစုများနှင့်အတူ မြန်မာနိုင်ငံ၏ ခရီးသွားမြို့တော်ဖြစ်သည့် ပြင်ဦးလွင်မြို့ (ပန်းမြို့တော်) ရှိ တန်ခိုးကြီးဘုရားနှင့် အပန်းဖြေဥယျာဉ်များသို့ လာရောက်လည်ပတ်ရသည့်အတွက် ရာသီဥတု၏အေးမြမှုကြောင့် စိတ်ကိုလန်းဆန်းစေကာ လှပသော ပန်းမန်များ၏ အလှအပများကို ကြည့်ရှုရခြင်း၊ ဒေသထွက်ပစ္စည်းများကို ဝယ်ယူရရှိခြင်းဖြင့် ပျော်ရွှင်ရကြောင်း ရန်ကုန်မြို့မှ လာရောက်လည်ပတ်သူ ခရီးသွားပြည်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)