ကျောက်ပန်းတောင်း အောက်တိုဘာ ၂၉
ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည့် ဓမ္မစကြာအခါတော်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် စည်ပေါက်ကံကျေးရွာအနီးရှိ ရှေးဟောင်း သမိုင်းဝင် မြစည်းခုံစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ယနေ့နံနက် (၇)နာရီမှစတင်၍ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
စည်းခုံဘုရားသည် ကျောက်ပန်းတောင်းမြို့၏ တောင်ဘက် ၂ မိုင်ခန့်အကွာတွင်တည်ရှိပြီး၊ ကျောက်ပန်းတောင်းမြို့နှင့် စည်ပေါက်ကံကျေးရွာအကြားတွင်တည်ရှိ၍ သက္ကရာဇ် ၆၆၄ ခုနှစ်တွင် ပုဂံပြည့်ရှင် ဘုရင်မင်းကြီးကျော်စွာ လက်ထက်တွင် တောင်တွင်းကြီးမြို့စား သီဟပတေ့မင်းက အဓိဌာန်ဖြင့် တည်းထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ မြစည်းခုံဘုရား သိမ်တော်နှင့်စေတီတို့ကို နှစ်စဉ် ဓမ္မာစကြာ အခါတော်နေ့ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တိုင်းအနီး ဝန်းကျင်ကျေးရွာများ ဖြစ်သည့် ကျေးရွာ၁၅ ရွာခန့်နှင့် ကျောက်ပန်းတောင်းမြို့နှင့် မြို့မြောက်ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာများဖြစ်သည့် ကြံစို့၊ ရွာမ၊ ပိန္နဲတော၊ ဆူးတပ်၊ ဝါးရုံကုန်း အစရှိသည့် ကျေးရွာများမှလည်း လှည်းယာဉ်များ၊ ထော်လာဂျီယာဉ်များ၊ ဟိုက်ဂျက်ယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် နံနက် စောစော ရောက်ရှိလာကြပြီး၊ဆွမ်းလုံးချ ခြင်း၊ ပန်း/ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်းနှင့် တံခွန်းသွင်းခြင်း၊ ဘုရား/ကျောင်း ဝေယျာဝစ္စ ဆောင်ရွက်ခြင်းတို့ကို နှစ်စဉ်ဝတ်မပျက် ဆောင်ရွက်ကြရာ၊ ကျေးရွာပေါင်း၃၀ ခန့်နှင့် ကျောက်ပန်းတောင်းမြို့ပေါ်မှ ဘုရားဖူးလာရောက်သူများဖြင့် ကြက်ပျံမကျ စည်ကားလျက်ရှိပြီး၊ အဆိုပါ ဗုဒ္ဓပူဇနိယဘုရားပွဲတောတွင် ကျေးရွာအရပ်ပြဇာတ်များ၊အဆို/အကများ၊ တေးသရုပ် ဖော်များဖြင့် ဧည့်ခံကြသည့် ကြည့်ချင်ပွဲများပါဝင်ပြီး၊ဘုရားပွဲကို အမှီပြု၍ အဝတ်အစားဆိုင်များ၊ အရုပ်ဆိုင်များ၊ စားသောက်ဆိုင်များ၊ အကင်ဆိုင်များ စသည်ဖြင့် ရောင်းချလျက်ရှိကြပြီး၊ ဘုရားပရဝဏ် ကွင်းပြင်တစ်ခုလုံး လူတိုးမပေါက်အောင်စည် ကားလျက်ရှိသည်။
အဆိုပါ မြစည်းခုံဘုရားပွဲတွင် စည်ပေါက်ကံကျေးရွာ၊ ရွာလုကျေးရွာ၊ ပေါက်သစ်ကျေးရွာ၊ ရွာလတ်ကျေးရွာ၊ ရိုးခြား ကျေးရွာ၊တောင်ခြေကျေးရွာနှင့် တွင်းဖြူကျေးရွာ၊ ဘင်ဂွကျေးရွာများမှ လှပျိူဖြူလေးများက အတီးအမှုတ်၊ အကအခုန်များဖြင့် တံခွန်သွင်းခြင်းကို နံနက် (၇)နာရီခန့်မှ စတင်၍ အလှည့်ကျ ဆောင်ရွက်ကြပြီး၊ ဘုရားစေတီအား လှည့်လည်ပူဇော်ခြင်းနှင့် စေတီရင်ပြင်တွင် လူကြီးသူမများက မိမိတို့ယာမှ ထွက်ရှိသည့် နှမ်း/မြေပဲ စသည့် သီးနှံများအား ကြဲပက်ပူဇော်၍လာမည့်နှစ်များတွင်လည်း မိုးလေဝသမှန်ကန်၍ သီးနှံအထွက်ကောင်းစေရန်၊ ဈေးကောင်းရရှိစေရန် ဆုတောင်းကြလေ့ရှိကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် အဆိုပါ မြစည်းခုံဘုရားပွဲတော်နည်းတူ ဒေသတွင်း အထင်ကရဖြစ်သည့် နှစ်ကျပ်ခွဲ ထီးတော်လှုပ်သိမ်တော်ဘုရား ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကိုလည်း တစ်ချိန် တည်းကျင်းပလျက်ရှိကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)