ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တော်ဓာတ် စေတီတော်မြတ်ကြီးနှင့် ဘုန်းတော်ကြီးကျောင်းများ၌ သီတင်းကျွတ် လပြည့်နေ့တွင် ဒါနပြုလုပ်ခြင်း၊ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကား

ပုဏ္ဏားကျွန်း အောက်တိုဘာ ၂၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးနှင့် ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သွားရောက်ကာ ယနေ့၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)တွင် ဥပုသ်သီလဆောက်တည်ခြင်း၊ အလှူဒါနပြုလုပ်ခြင်း၊ တရားဘဝါနာများ ကျင့်ကြံအားထုတ်နေကြသူများဖြင့် စည်ကားလျက်ရှိသည်။

သီတင်းကျွတ်လပြည့်နေသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတို့၏ နေ့ထူး၊ နေ့မြတ်တစ်နေ့ ဖြစ်သည်အတွက် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ တစ်နေ့ဖြစ်ပြီး၊ မြတ်စွာဘုရားရှင် တာဝတီသာနတ်ပြည်မှ သင်္ကဿနဂိုပြည်သို့ ကြွမြန်းဆင်းသက်တော်မူသည့်နေ့ကို အကြောင်းပြု၍ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သွားရောက်ကာ ဒါနကုသိုလ်ပြုလုပ်ခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ အဘိဓမ္မာ တရားတော်မြတ်ကို နာယူရန်သွားရောက်ကြသူများဖြင့် ကျောင်းတိုက်များတွင် စည်ကားလျက်ရှိသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးတွင်လည်း ဆီမီး၊ ရေချမ်း၊ ပန်း ဆက်ကပ်လှူဒါန်းခြင်း၊ ဒါနကုသိုလ်ပြုလုပ်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသည်များဖြင့် စည်ကားလျက်ရှိပြီး၊ ညနေပိုင်းတွင် ဆီမီးပူဇော်ပွဲ၊ ဓမ္မစကြာတရား ရွတ်ဖတ်ပူဇော်ပွဲတို့ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီး ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)