ရန်ကုန် အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ချမ်းသာကြီး တန်ဆောင်းကျင်းပသည်။ အခမ်းအနားသို့ ရွှေတိဂုစေတီတော်သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် ပင့်သံဃာ့တော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ဦးစိုးသိန်း ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါစန္ဓာသွယ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့ဝင်များ အလှူရှင်များ တက်ရောက်ကြသည်
ဦးစွာ နမောတသသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး ဗဟန်းမြို့နယ်သံဃာနယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာ ဂန္ထဝါစကပဏ္ဍိတ သာသနဓဇဓမ္မာစရိယ အရှင်သူမြတ်ထံမှ ပရိသတ်များက ငါးပါးသီလခံယူကြသည်။
ယင်းနောက် ဝန်ကြီးချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက သြ၀ါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ရွှေတိဂုံစေတိတော် ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့ သြ၀ါဒါစရိယရန်ကုန်တိုင်း သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဒွိပိဋက ဓရဒေါက်တာဘဒ္ဒအဂ္ဂသာမိထံမှ အနုမောဒနာတရားနာကြား၍ ရေစက်ချ အမျှပေးဝေကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့တို့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနစ် သီတင်းကျွတ်လပြည့်နေ့အကြို (အဖိတ်နေ့) ရွှေတိဂုံစေတီတော်မြတ်ကြီးအား လျှပ်စစ်မီးစေတီများ လှည့်လည်ပူဇော်ပွဲနှင့် စုပေါင်းဆီမီး ဆက်ကပ်ပွဲအခမ်းအနားကို ယမန်နေ့ ညပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်၌ ကျင်းပသည်။
ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာ၀န်ရှိသူများ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကရုံး ဝန်ထမ်းများ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများက ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း စုရပ်မှ လျှပ်စစ်မီးစေတီများကို ပင့်ဆောင်လျက် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူရန် အလှူငွေများကို ဂေါပကအဖွဲ့တို့ လှူဒါန်းကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူ ဆီမီးများအား ဆက်ကပ်ပူဇော်ကြသည်။ ယင်းနောက် အောင်မြေ၌ ဂေါပကအဖွဲ့ဝင်များ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး “နီလာနီလာ” အစချီသော မဟာပဌာန်းရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားရှင်ကို ပင့်လျှောက်ခြင်း “သော၀ဏ္ဍိကံ” အစချီသော ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ငါးပါး သီလခံယူဆောက်တည်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာကပ်လှူပူဇော်ခြင်း၊ “ဘဂဝန် ဘုန်းလှိုင်” အစချီသော မဟာပဌာန်းတိုက်တွန်းလွှာဖြင့် ရွတ်ဆိုတိုက်တွန်းခြင်း မဟာပဌာန်း ပစ္စယုဒ္ဒေသ ပစ္စယနိဒ္ဒေသပါဠိတော်ကို ရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်းတို့ ဆောင်ရွက်ကြသည်။
ဆက်လက်၍ ဂေါပကအဖွဲ့ဝင်များ ဂေါပကရုံးဝန်ထမ်းများ ဘာသာရေး ဝတ်အသင်းအဖွဲ့များ အလှူရှင်များနှင့် ဘုရားဖူးလာပြည်သူများ စုပေါင်း၍ ရွှေတိဂုံစေတီတော်ရင်တော်ပတ်လည်ရှိ ဆီမီးခုံများ၌ ဆီမီးများထွန်းညှိပူဇော်ဆက်ကပ်လှူဒါန်းကြသည်။ သတင်းကျွတ်လပြည့်နေ့ (အဖိတ်နေ့)တွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် စည်းကား လျက်ရှိကြောင်း သတင်းရရှိသည်။
အောင်မြင့်(ပြန်/ဆက်)