ပင်းတယ အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွှေဥမင်သဘာဝ လိုဏ်ဂူတော်ဘုရားကြီးနှင့် ဘုန်းတော်ကြီးကျောင်း များ၌ ဘုရားသွား၊ ကျောင်းတက်၊ ဥပုသ် သီလဆောက်တည်သူများ၊ ဘုရားဖူးများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။
ပင်းတယမြို့သည် ပင်လယ်ရေမျက်နာပြင် အမြင့် ၃၈၈၀ ပေ တည်ရှိပြီး အေးချမ်းသာယာ၍ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ရှေးဟောင်းစေတီပုထိုးပေါများသော တောင်ပေါ်မြို့လေးဖြစ်သည်။
ယနေ့ သီတင်းကျွတ်လပြည့်နေ့၌ လိုဏ်ဂူတော်အတွင်းဘုရားစေတီ အဆူပေါင်း(၈၀၉၄) ဆူ ရှိသည့်ရှေးဟောင်းသမိုင်းဝင်သဘာဝ ရွှေဥမင် လိုဏ်ဂူတော်ဘုရားကြီးနှင့် ဘုန်းတော်ကြီးကျောင်း များတွင် နံနက်အာရုံဆွမ်းကပ်ခြင်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေး၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြခြင်းနှင့် ရွှေသင်္ကန်းကပ်လှူပူဇော်သူများဖြင့် ရပ်နီးရပ်ဝေးဘုရားဖူးဧည့်သည်များ အထူးစည်ကားလျက်ရှိကြောင်းနှင့် ဘုရားဖူးဧည် သည်များအနေဖြင့် ရွှေဥမင်သဘာဝလိုဏ်ဂူတော် ဘုရားကြီးအား နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း လာရောက်ဖူးမြော်နိုင်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)