ပုဏ္ဏားကျွန်း အောက်တိုဘာ ၂၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့တွင် ရခိုင်ရိုးရာအစဉ် အလာမပျက် စတုဒိသာကျွေးမွေးလှူဒါန်း ခြင်းကို ယမန်နေ့ ညနေပိုင်းကစ၍ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့မှ လပြည့်ကျော်(၁)ရက်နေ့အထိ ရခိုင်မုန့်တီ၊ မုန့်ဟင်းခါး၊ အာပူလျှာပူ စသည့် စတုဒိသာ ကျွေးမွေးလှူဒါန်းသူများဖြင့် စည်ကားလျက်ရှိသည်။
“ကျွန်တော်တို့ ရပ်ကွက်နေလူငယ်များ ပူးပေါင်း၍ နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်ကာလ အဘိဓမ္မာ အခါတော်နေ့မှာဆိုရင် ဦးရာဇ်တော်ဘုရား ရင်ပြင်တွင် ဆီမီးပူဇော်ခြင်း၊ ဓမ္မာစကြာရွတ်ဖတ်ပူဇော် ခြင်း၊ မိဘ၊ ဆရာသမားများနှင့် သက်ကြီးဘိုးဘွားတို့အား ကန်တော့ခြင်းစသည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြပြီး ရခိုင်မုန့်တီ၊ အာပူလျှာပူ၊ မုန့်ဟင်းခါး၊ ကြာဆံဟင်းခါး စသည်တို့ကို တစ်ရက်တစ်မျိုးစီချက်ပြုတ်ပြီး စတုဒိသာကျွေးမွေးလှူဒါန်းလျက်ရှိပါတယ်ဟု” ရွာဟောင်းရပ်ကွက်မှ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း ဖြစ်မြောက်ရေးအဖွဲ့ လူငယ်တစ်ဦးက ပြောသည်။
ထိုသို့ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းကို ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် စံပြရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ အလယ်စုရပ်ကွက်၊ ရွာဟောင်းရပ်ကွက်များနှင့် အချို့လမ်းများတွင် ရပ်ကွက်နေ ပြည်သူများ၊ လူပျိုအပျိုများ၊ လုပ်ငန်းရှင်များမှ ထည့်ဝင်လှူဒါန်းငွေဖြင့် စတုဒိသာ ကျွေးမွေးလှူဒါန်း လျက်ရှိရာ တစ်ပျော်တစ်ပါးလာရောက် စားသုံးကြသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)