ကျောက်ပန်းတောင်း အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ ဓမ္မာရုံများတွင် ဝါတွင်းကာလ ဆွမ်းသိမ်းအောင်ပွဲနှင့် ဗုဒ္ဓပူဇနိယ ဘုရားပွဲများကို၊ ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့ကြပြီး၊ ယနေ့နံနက်(၆:၃၀)နာရီမှ စတင်၍ ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်းတွင် ဓမ္မာရုံဘုရား ဆွမ်းသိမ်းအောင်ပွဲအဖြစ် ဆွမ်းလောင်းလှူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ပေါ်တွင် ရပ်ကွက်ကြီး(၁၂)ရပ်ကွက်ရှိရာ၊ ရပ်ကွက်တိုင်းတွင် ဓမ္မာရုံဘုရားများနှင့် ဝါတွင်း ကာလပတ်လုံး ဦးပုသ်နေ့တိုင်း ဆွမ်းလောင်းလှူပွဲများနှင့် ဆွမ်းရေစက်ချ သီလပေး တရားပွဲများ ကျင်းပခဲ့ကြကြောင်းသိရ သည်။ ယခု ဝါတွင်းကာလ နောက်ဆုံးပတ်ဖြစ်သည့် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ဆွမ်းသိမ်းအောင်ပွဲများနှင့် ဓမ္မာရုံ ဗုဒ္ဓပူဇနိယ ဘုရားပွဲများကို ရပ်ကွက်တိုင်း ကျင်းပနေကြပြီး၊ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းတွင် ဆွမ်းတော်ကြီးတင်ပွဲ ကပ်လှူပူဇော်ကြသူများ ဘုရားဖူး ကုသိုလ်ယူကြသူများဖြင့် စည်ကားခဲ့ကြပြီး၊ သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းတွင် ဆွမ်းသိမ်း အောင်ပွဲအဖြစ် ဝါတွင်းကာလ နောက်ဆုံးသီတင်းပတ် ဆွမ်းလောင်းလှူခြင်းများကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြရာ ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်းတွင် ဆွမ်းလောင်းလှူကြသူများ၊ သီလဆောင်တည်မည့်သူများ၊ စတုဒိသာ ကုသိုလ်ပြုကျွေး မွေးကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရပ်ကွက် ဓမ္မာရုံဘုရားများသို့ ဆွမ်းတော်ကြီးတင်ပွဲ လာရောက် ကပ်လှူကြသူများအား ရပ်ကွက်ဓမ္မာရုံ ဂေါပကအဖွဲ့များ၊ စေတနာရှင်များက မုန့်ဟင်းခါး/ခေါက်ဆွဲများ၊ လ္ဘက်ဂျင်းသုပ်များ၊ အချိုမုန့်ပွဲများဖြင့် ဧည့်ခံကျွေးမွေး ကြသည့်နည်းတူ၊ နံနက်ပိုင်းတွင်လည်း ဆွမ်းခံကြွရောက်ကြသည့် သံဃာတော်များနှင့် သာမဏေများအား၊ အယုံဆွမ်း ကပ်လှူကြခြင်း၊ ဆွမ်းလောင်းလှူလာကြသူများအား စတုဒိသာကျွေးမွေးခြင်းများဖြင့် ရပ်ကွက်ဓမ္မာရုံများ၌ စည်ကားလျက်ရှိနေကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)