တောင်ကုတ်မြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိ

တောင်ကုတ် အောက်တိုဘာ ၂၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို ယမန်နေ့ ညနေမှစ၍ တန်ခိုးကြီးဘုရားများ၊ ရပ်ကွက်လမ်းမကြီးများ၊ ဦးဥတ္တမကန် မင်္ဂလာကန်တော်နှင့် ကလေးကစားကွင်းတို့တွင် ကျင်းပလျက်ရှိရာ ဘုရားဖူးလာပြည်သူများ၊ အပန်းဖြေ အနားယူကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။     

တန်ခိုးကြီးဘုရားများဖြစ်သည့် ဖောင်တော်ဦးစေတီတော်၊ ကိုင်းရှည်စေတျာရာမ‌ကျောင်းတိုက် အတွင်းရှိ မြသာလျောင်းဘုရား၊ မဟာဗောဓိစေတီတော်နှင့် အာလိန်ငါးဆင့်ဘုရားများတွင်လည်း ရောင်စုံ လျှပ်စစ်မီးများ ထွန်းညှိပူဇော်ထားပြီး အောင်သုခလမ်း၊ တည်ကြည်လမ်း၊ နိဗ္ဗာန်လမ်းနှင့် အောင်စည်ပြည်ထွန်း လမ်းများတွင်လည်း ရောင်စုံမီးများထွန်းထားရာ ဘုရားဖူးလာသူများ၊ ဈေးသည်များ၊ ရောင်စုံမီးအလှများဖြင့် ဓာတ်ပုံအလှရိုက်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထို့ပြင် ဦးဥတ္တမ ကလေးကစားကွင်းနှင့် မင်္ဂလာကန်တော်တွင်လည်း အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ရောင်စုံလျှပ်စစ်မီးများဖြင့် အလှဆင်ထွန်းညှိထားပြီး တေးဂီတဖျော်ဖြေရေး အစီအစဉ်များပါ ထည့်သွင်းထားရာ အပန်းဖြေအနားယူသူ၊ အလှဓာတ်ပုံရိုက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

တောင်ကုတ်မြို့တွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို အောက်တိုဘာ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မြို့နယ်ပြန်/ဆက်