မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

ချောင်းဆုံ အောက်တိုဘာ ၂၉

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မဟာကန်တော်ကြီးတွင် ရိုးရာအစဉ်အလာများအတိုင်း မြန်မာ့ ရိုးရာ လှေလှော်ပြိုင်ပွဲကို အောက်တိုဘာ (၂၆)ရက်နေ့ စတင်ကျင်းပခဲ့ပြီး ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ကျင်းပခဲ့ရာ  မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်လွှတ်တော်တရား သူကြီးချုပ် ဦးညီညီစိုး မွန်ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်၊ ခရိုင် မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက (၃)တက်လှော် လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲအား ကြည့်ရှုအားပေးခဲ့ကြပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်  မတိမ်ကော မပျောက်ပျက်သွားစေရန် ရိုးရာအားကစားများဖြစ်သည့် ရိုးရာလက်ဝှေ့၊ ရိုးရာခြင်းလုံးနှင့် ရိုးရာလှေလှော် ပြိုင်ပွဲတွေကို ပြုလုပ်ခြင်းဖြစ်ကြောင်း၊ မျိုးချစ် စိတ်ဓါတ် ရှင်သန်ထက်မြက်လာပြီး ရိုးရာအားကစားကို မြတ်နိုးတန်ဖိုးထားတတ်စေရန်လိုကြောင်း၊ လူငယ်လူရွယ်များ လှေလှော်အားကစားနည်းကို စိတ်ပါဝင်စားစွာ ဝင်ရောက် ယှဉ်ပြိုင်ခြင်းကြောင့် ဂုဏ်ယူမိကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဆုရရှိသည့် (၁)တက်လှော် ချောင်းဆုံ အနောက်အသင်း (ပထမဆု)၊ ကွမ်သဲအသင်း (ဒုတိယဆု)၊ ကရင် ဝင်းစိန်(က)အသင်း(တတိယဆု)၊ ကရင်ဝင်းစိန်(ခ)အသင်း (နှစ်သိမ့်ဆု)၊ (၃)တက်လှော် မျိုးဆက်သစ် ချောင်းဆုံအနောက်အသင်း(ပထမဆု)၊ မုရစ်ကြီးအသင်း(ဒုတိယ) ကုလားတို့ အသင်း (တတိယ)၊ ကညှော်အသင်း (နှစ်သိမ့်ဆု) တို့ကိုလည်းကောင်း၊ အသီးသီးပေးအပ်ခဲ့ပြီး ရေကူးအလှပြ အဖွဲ့များအား ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့သည်။

ထို့နောက် လှေလှော်အသင်းသားများကိုယ်စား အသင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာလှေလှော် ပြိုင်ပွဲကို မြို့နယ်အတွင်းရှိ  (၃) တက်လှော် လှေလှော်အသင်း (၁၄)သင်း၊ (၁) တက်လှော် (၁၁) သင်း စုစုပေါင်း (၂၅) သင်းတို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကို အောက်တိုဘာ(၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၃) ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။