ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆွမ်းဆန်စိမ်းလောင်လှူခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ တက်ရောက်

စစ်တွေ အောက်တိုဘာ ၂၉

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့အတွင်း သန့်ရှင်းသာယာရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး ဆွမ်းဆန်စိမ်းလောင်လှူခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ တက်ရောက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ဆီမီများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း၌ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။

ဆက်လက်၍ စစ်တွေမြို့ဝင်္ကပါကွင်း၌ ကျင်းပလျက်ရှိသည် သီတင်းကျွတ် ညဈေးရောင်းပွဲအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စစ်တွေမြို့ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ဆီမီများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်စဉ် စည်ပင်သာယာရေးအဖွဲ့များက အမှိုက်သိမ်း ကားများဖြင့် အမှိုက်များအား သိမ်းယူကာ သတ်မှတ်နေရာများတွင် စနစ်တကျ စွန့်ပစ်ပေးလျက်ရှိကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါတွင်းကာလ အဖိတ်နေ့တိုင်း သံဃာတော်အပါး ၅၀၀ နှင့် သီလရှင်တို့အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်လှူပွဲကို ယနေ့ မွန်းလွဲပိုင်းက စစ်တွေမြို့ လောကနန္ဒာ စေတီတော်ဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ သာသနာ့ဗိမာန်၌ သံဃာတော်အရှင်သူမြတ် အပါး ၅၀၀နှင့် သီလရှင်တို့အား ဆွမ်းဆန်စိမ်း လောင်းလှူခြင်း ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ စစ်တွေမြို့ နန္ဒာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တနန္နသိရိ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော် မူကြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့် ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ  ဆရာတော် ဘဒ္ဒတ္နဉာဏဝံသ မဟာထေရ်မြတ်ထံမှ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း အမှူးပြုသော ဧည်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများနှင့်အတူ လောကနန္ဒာ စေတီတော်ဝင်းအတွင်း၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါတွင်းကာလ အဖိတ်နေ့ သံဃာတော် အပါး ၅၀၀နှင့် သီလရှင်တို့အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲသို့ တက်ရောက်ပြီး သံဃာတော် အပါး ၅၀၀နှင့် သီလရှင်တို့အား ဆွမ်းဆန်တော်များ လောင်းလှူခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)