ဟိုပုံး အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာလင်္ကာရအသင်းကြီးမှ ကြီးမှူး၍ မြန်မာ နိုင်ငံလုံးဆိုင်ရာ တတိယအကြိမ်မြောက် နာဂပုရသာမဏေကျော်စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျင်းပသည်။
အစည်းအဝေးတွင် နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီးနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ တုံခမ်းကျောင်း တိုက်ဆရာတော် ဦးအာလောကမှ နာဂပုရသာမဏေကျော်စာ မေးပွဲသည် ပထမအကြိမ်၊ ဒုတိယအကြိမ်အောင်မြင်ခဲ့ပြီး ယခုတတိယအကြိမ် အောင်မြင်ရန်လည်း ဆရာတော်များနှင့် ဒါကာ၊ ဒါကာမများ ညီညွတ်ရန်လိုအပ်ကြောင်း၊ တစ်လ၊ နှစ်လ သင်ယူရုံဖြင့် စာမေးပွဲမဖြေဆိုနိုင်၊ နှစ်နဲ့ချီ၍ သင်ကြားရ ကြောင်း၊ သင်ကြားရာတွင်လည်း သမာဓိအားကောင်း ရန်လိုအပ်ကြောင်း မိန့်ကြားသည်။ ထို့နောက် နောင်တောင်းပရဟိတတပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရာဇိန္ဒသိရီက နာဂပုရသာမဏေ ကျော်စာမေးပွဲ ကျင်းပရေးကော်မတီများက ကဏ္ဍအလိုက် တင်ပြဆွေးနွေးရန်နှင့် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြစေလိုကြောင်း၊ စာဖြေသံဃာ (၂၃၀၀)ကျော်ရှိ၍ နောင်တောင်း ပရဟိတတပ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် စာဖြေသံဃာ(၁၈၀၀)ပါး၊ ဖာလွိုင်ဗွေလွန်းကျောင်း တိုက်တွင် စာဖြေသံဃာ (၃၀၀)ကျော်၊ ဒက္ခိဏရာမ ဘန်းကွန်ကျောင်းတိုက်တွင် စာဖြေသံဃာ (၂၀၀)ကျော်ဖြေဆိုရန် နေရာချထားမည်ဖြစ်ကြောင်း၊ လိုအပ်သည်များကို အသေးစိတ် ဆွေးနွေးတိုင်ပင်ရန်နှင့် ချက်ပြုတ်စီမံရာတွင် ရက်အလိုက် ဆက်ကပ်လှူဒါန်းရန်မိန့်ကြားသည်။ ယင်းနောက် ဖာလွိုင်ဗွေလွန်း ကျောင်းတိုက် ဆရာတော်မှ ကော်မတီ(၁၇)ခုဖြင့် ဖွဲ့စည်းထား ကြောင်း၊ နေ့အလိုက် ဆွမ်းဆက်ကပ်လှူဒါန်းရန် လျာထားမှုအခြေအနေများနှင့် ကျောင်း(၂၄၁) ကျောင်းမှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၂၃၂၅)ပါးဖြေဆိုမည်ဖြစ်ကြောင်း မိန့်ကြား သည်။ ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက ဆွမ်းစားဆောင်နှင့် အခြားဆောက်လုပ်ရေး လုပ်ငန်းကော်မတီ တွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ထည့်သွင်းဖွဲ့စည်းခွင့်ပြုရန်၊ သယ်ယူပို့ ဆောင်ရေးလုပ်ငန်းများ လစ်ဟင်းမှုမဖြစ်ပေါ်စေရေး အသေးစိတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း လျှောက်ထားသည်။ ယင်းနောက် တက်ရောက်လာသည့် ဆရာတော်၊ သံဃာတော်များ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းလျှောက်ထားသည်။
အဆိုပါ နာဂပုရသာမဏေကျော်စာမေးပွဲကြီးကို တန်ဆောင်မုန်းလဆန်း(၁)ရက်နေ့ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းမှ ဘုန်းတော်ကြီးကျောင်းများမှ မူလတန်းအဆင့် ရဟန်း(၁၆)ပါး၊ သာမဏေ(၃၄၆)ပါး၊ သီလရှင်(၁၆)ပါး၊ ပထမဆင့် ရဟန်း (၂၃၆)ပါး၊ သာမဏေ(၇၈၀)ပါး၊ သီလရှင်(၁၅၃)ပါး၊ ဒုတိယအဆင့် ရဟန်း (၁၀၁)ပါး၊ သာမဏေ (၁၉၉)ပါး၊ သီလရှင်(၁၁၀)ပါး၊ တတိယအဆင့် (၁၉၂)ပါး၊ သာမဏေ(၉၀)ပါးနှင့် သီလရှင်(၈၆)ပါး စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် (၂၃၂၅)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာအောင် ဘွဲ့နှင်းသဘင်အခမ်းအနားကို တန်ဆောင်မုန်းလဆန်း (၆)ရက် နိုဝင်ဘာလ (၁၈)ရက်နေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် တကွ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)