ဒဂုံတောင် အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၅၃)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်အတုလအောင်ဇေယျုံ ဆုတောင်ပြည့်စေတီတော် (ဦးဘိုးလှဘုရား) ဝင်းအတွင်း တနင်္ဂနွေထောင့်တွင် တည်ထားကိုးကွယ်ထားသည့် စာဂမုတ္တိ အကျွတ်အလွတ် ဓာတ်ပေါင်းစုစေတီ ဒုတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲကို ယမန်နေ့နံနက် ၁၀နာရီတွင် ကျင်းပပြုလုပ်ကြောင်း သတင်းရရှိသည်။
ရှေးဦးစွာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဣန္ဒဝံသ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များက စေတီတော်အား ဗုဒ္ဓဘိသေက အနေကဇာ တင်ပြီးနောက် ဓမ္မဝိသုဒ္ဓိအောင်ဇေယျုံ သာသနာ့ဗိမာန်တော်ကြီးတွင် (၇) ရက်သားသမီးများအား မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဣန္ဒာဝံသက ငါးပါးသီလပေးသနားတော်မူပြီး သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုအတွက် စေတီတော်ဂေါပကအဖွဲ့ ဘုရားဒါယကာမ ဒေါ်သန္တာနွယ်နှင့် (၇)ရက်သားသမီး တပည့်အပေါင်းတို့က ရေစက်သွန်းချ တရားတော်နာယူကြသည်။
အဆိုပါ စာဂမုတ္တိဓာတ်ပေါင်းစု အကျွတ်အလွတ်စေတီကို ဘုရားဒါယိကာမ ဆရာမဒေါ်သန္တာနွယ် (အထူးဝိညာဉ်ဟောခန်း) (မြန်မာနိုင်ငံဗေဒပညာရှင်များအသင်း-ဗဟို) (စာရေးဆရာမ ဆုလဲ့ဝတီနွယ်)နှင့် (၇)ရက် သားသမီး တပည့်အပေါင်းတို့က ၂၀၂၁ခုနှစ်တွင် ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင်အတုလအောင်ဇေယျုံ ဆုတောင်ပြည့်စေတီတော် (ဦးဘိုးလှဘုရား) ဝင်းအတွင်း တနင်္ဂနွေထောင့်တွင် တည်ထားကိုးကွယ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သန်းသန်းအေး