မြစ်ကြီးနား အောက်တိုဘာ ၂၈
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ ရွာများ သန့်ရှင်းသာယာလှပရေး အပတ်စဉ် စနေနေ့တိုင်း ခရိုင်/ မြို့နယ်များအလိုက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၈ ရက် နံနက် ၇ နာရီက မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများတွင် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြ သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြစ်ကြီးနားမြို့ အခြေခံပညာ အထက်တန်းကျောင်း (စီတာပူ)ကျောင်းဝင်းအတွင်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ကျောင်းဝင်းအတွင်းရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ရိတ်ခြင်း၊ အမှိုက်များ ကောက်ယူစွန့်ပစ်ခြင်း၊ ရေမြောင်းများ တူးဖော်ခြင်းတို့ကို ကြည့်ရှုအားပေး ကာ စုပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ဝင်မုဒ်ဦးအနီး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင် စက်ယန္တရားဖြင့် သစ်ပင်ခြုံနွယ်များ ရှင်းလင်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စည်ပင်သာယာရေးအဖွဲ့ အရာထမ်း၊ အမှု ထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များနှင့်အတူ သစ်ပင်ကြီးများ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ပေါ်ရှိ အံတော်ရှင်ဘုရား၊ လောကမာန်အောင် ဆုတောင်းပြည့်စေတီတော်တို့နှင့် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်းတို့တွင်လည်း ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်း မဂျွယ်ခန်းမ၌ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၏ ဒုတိယအကြိမ် မြောက် အစုရှယ်ယာရှင်များ၏ နှစ်ပတ်လည်အထွေထွေအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်တိုင်းရင်းသားလုပ်ငန်းရှင် များ အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်အနေဖြင့် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ အတွက် စီးပွားရေးအခွင့်အလမ်းများ၊ စီးပွားရေးအသိအမြင်များ တိုးတက်လာစေရန် တည်ထောင် ထားခြင်းဖြစ် သည့်အတွက် ပြည်နယ်၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ခွင့်ပြုမိန့်ဖြင့် စိုက်ပျိုးရေး၊ ကုန်စည် ပို့ဆောင်ရေး၊ ဟိုတယ်ခရီးသွားလုပ်ငန်းကဏ္ဍတို့အတွက် ငွေကျပ်သန်း ၆၀၀၀ အထိ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်နယ်အတွင်းမှလုပ်ငန်းရှင်အစုရှယ်ယာပေါင်း(၄၉၀)ကို ကိုယ်စား ပြုသည့်အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့်အတတ်နိုင်ဆုံး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီအားပေး ကူညီသွားမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများ အပေါ် အလေးထားလိုက်နာရမည့် အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိမ့်သိမ့်မိုးက ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ကချင်ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းများ Video Clip ကို မိတ်ဆက်တင်ပြခြင်းဖြင့် လည်းကောင်း၊ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ အများနှင့်သက်ဆိုင်သောကုမ္ပဏီ အလုပ်အမှုဆောင်ဒါရိုက်တာ ဦးအားဖူရီလီမီက ကြိုဆိုနှုတ်ခွန်းဆက်ခြင်းဖြင့်လည်းကောင်း၊ အမှုဆောင်ဒါရိုက်တာဦးဘရန်မွန်းက စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကိုလည်းကောင်း၊ KEP Logistic ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဦးအယ်လ်နော်ဆန့်က ကုမ္ပဏီ၏ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းစဉ်များ အားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းကြိုးစားဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်