တန့်ယန်းမြို့နယ်တွင် သီတင်းကျွတ်အချိန်အခါ၌ ဒေသထွက် အသီးအနှံမျိုးစုံ ရောင်းအားကောင်းလျှက်ရှိ

တန့်ယန်း အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သီတင်းကျွတ်ပွဲ အချိန်အခါ၌ ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ဖြစ်သော သီတင်းကျွတ်လဆန်း (၁၄)ရက် အဖိတ်နေ့မှ စတင်ကာ မြတ်ဗုဒ္ဓအား ရည်မှန်း၍ ကြည်ညိုပူဇော်လေ့ရှိသည့်အတွက် ဒေသထွက် အသီးအနှံမျိုးစုံနှင့် ကောက်ပဲသီးနှံမျိုးစုံတို့မှာ ရောင်းအားကောင်းလျှက်ရှိသည်။

ထိုသို့ ပူဇော်နိုင်ရန်အတွက် မိမိနေအိမ်ရှေ့ မျက်နှာစာ၌ ချိန်တန်ပွတ်(ခေါ်)သင်ပုတ်စင်နှင့် ဘုရားစင်တို့တွင် အသီးအနှံမျိုးစုံနှင့် ကောက်ပဲသီးနှံမျိုးစုံတို့ကို ချိတ်ဆွဲ၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင် စသည်တို့ဖြင့် ကြိုတင်ပြင်ဆင်ကြကာ သီတင်းကျွတ်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်၊ ချိုချဉ်၊ မုန့်မျိုးစုံတို့ဖြင့် မြတ်ဗုဒ္ဓအား ရည်မှန်း၍ ပူဇော် ကန်တော့လေ့ရှိကြသည့်အတွက် ဒေသထွက် အသီးအနှံမျိုးစုံနှင့် ကောက်ပဲသီးနှံတို့မှာ ရောင်းအားကောင်းလျှက်ရှိကြောင်း သိရသည်။                    

 မင်းလွင်ဦး(ပြန်/ဆက်)