ဟိုပုံး အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။
လွှတ်တော်မဲဆန္ဒနယ် အသီးသီးရှိ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကြိုတင်ဆန္ဒမဲပုံးများကို တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဝင်များရှေ့တွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်သူက မဲပုံးအလွတ်များကို ရှင်းလင်းပြသပြီး လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခဲ့ ကြကာ အောက်တိုဘာ ၂၀ ရက်နေ့တွင် ပေးပို့လာသည့် ကြိုတင် မဲဆန္ဒရှင်(၃၅)ဦး သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ် အသီးသီးရှိ လွှတ်တော် ကိုယ်စားလှယ်လောင်း ကြိုတင် ဆန္ဒမဲပုံးများသို့ ထည့်သွင်းပေးခဲ့ကြသည်။
ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယမန်နေ့အချိန်ထိ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ (၇၉၄၇၃)ဦး၊ မဲရုံပေါင်း(၈၀)ရုံ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ဟိုပုံး(ပြန်/ဆက်)