သာစည်မြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်းများ ကောက်ယူသွားမည်

သာစည် အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် တိကျမှန်ကန်သော တိရစ္ဆာန်ကောင်ရေစာရင်းများ ရရှိနိုင်ရန် မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြေပြင်စာရင်းကောက် အဖွဲ့များက နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ စနစ်တကျ ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး(တာဝန်ခံ) ဒေါက်တာအောင်မိုးကျော်ထံက သိရသည်။

“တိရစ္ဆာန်ကောင်ရေစာရင်းများ ကောက်ယူရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများ အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်အတွက်ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့က တိကျမှန်ကန်တဲ့ တိရစ္ဆာန်ကောင်ရေစာရင်းများရရှိဖို့လိုပါတယ်။ မြို့နယ်မှာ မြေပြင်စာရင်းကောက် အဖွဲ့တွေ ဖွဲ့စည်းထားပြီး သင်တန်းလည်း ပေးထားပြီးပါပြီ စာရင်းကောက်အဖွဲ့ ၁၀ဖွဲ့နဲ့ ကောက်ယူသွားမှာပါ ကောက်တဲ့အခါမှာ မြို့နယ်ရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ရပ်ကွက်တစ်ခုနဲ့ ကျေးရွာ ၅၁ ရွာကို မြို့နယ်ဝန်ထမ်းများနဲ့ စာရင်းကောက်များက Commcare Application ကို MobilePhone မှာ ထည့်သွင်းအသုံးပြုပြီး ကောက်ယူသွားမှာဖြစ်ပါတယ် ကျန်တဲ့ ၈၀ ရာခိုင်နှုန်း ကျေးရွာတွေကိုတော့ စီးပွားဖြစ် မွေးမြူရေးခြံစာရင်း ကောက်မှာဖြစ်ကြောင်းနှင့်ဒီဇင်ဘာလကုန် အပြီးကောက်ယူသွားမှာဖြစ်ကြောင်း” ၎င်းက ပြောကြားသည်။

မြို့နယ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကော်မတီတွင် ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်၊ ကော်မတီအဖွဲ့ဝင်ရှစ်ဦး၊ အတွင်းရေးမှူးတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)