ကျောက်ပန်းတောင်း အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် အဘိဓမ္မာအခါတော်နေ့အကြိုအဖြစ်၊ ရပ်ကွက်/ကျေးရွာများရှိ ဝတ်ရွတ်အသင်းများ စုပေါင်း၍ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲကို၊ အောက်တိုဘာ(၂၇)ရက်နေ့ ညနေ(၅)နာရီက မြို့မရပ်ကွက်၊ ဆုတောင်းပြည့်မဟာစေတီကြီး ဘုရားအတွင်းရှိ ရှေ့ဟောင်းရုပ်ပွားတော်များ ကိန်းဝပ်စံပယ်ရာ ဂန္ဓာကုဋိဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဘိဓမ္မာ အခါတော်နေ့အကြို ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ရပ်ကွက်(၁၂)ရပ်ကွက်နှင့် မြို့အနီးဝန်းကျင်မှ လယ်ယားတောင်ကျေးရွာ၊ ရေထွက်ကျေးရွာ၊ ဆူးတပ်ကျေးရွာများမှ ဝတ်ရွတ်စဉ်အသင်းများ လာရောက်ပူဇော် ရွတ်ဖတ်ကြခြင်းဖြစ်ကြောင်း သိရပြီး၊ ဝတ်ရွတ်စဉ်အသင်းများ အကြို/အပို့ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ လူမှုကူညီရေး အသင်းများက တာဝန်ယူပို့ဆောင်ပေးကြကြောင်းသိရသည်။ အဆိုပါ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲကို ဝတ်ရွတ်စဉ်အသင်းများက နမောတဿ သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ဘုရားကန်တော့ ဖွင့်လှစ်ကြပြီး၊ အစီအစဉ်အတိုင်း ကန်တော့လွှာရွတ်ဖတ်ခြင်း၊ သီလခံယူဆောက်တည်ခြင်း၊ နတ်ဗြဟ္မာများအားပင့်ဖိတ်ခြင်း၊ အဘိဓမ္မာအခါတော်နေ့အကြောင်း လျှောက်ထားခြင်း၊ ပဌာန်းဒေသနာတော်အမွှန်း ရွတ်ဆိုခြင်းနှင့် အဘိမ္မာဒေသနာတော်မှ ပဋ္ဌာန်းကျမ်းတော်ကြီးကို ရွတ်ဆိုပူဇော်ပြီး၊ မေတ္တာသုတ်၊ ပရိတ်တရားတော်နှင့် ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော်များ ရွတ်ဆိုပူဇော်ခြင်းတိုကို ည(၇)နာရီခွဲအထိ ဆောင်ရွက်ကြသည်။
အဆိုပါ အဘိဓမ္မာအခါတော်နေ့အကြို ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ရပ်ကွက်/ကျေးရွာများမှ ဓမ္မစကြာဝတ်ရွတ်စဉ် အသင်းအဖွဲ့(၁၅)ဖွဲ့၊ လူဦးရေ ၂၀၀ ကျော် စုပေါင်းပါဝင်ရွတ်ဆို ပူဇော်ခဲ့ကြကြောင်းသိရပြီး၊ မဟာစေတီကြီးဂေါပကအဖွဲ့နှင့် ဝေယျာဝစ္စလူငယ်များက မုန့်ဟင်းခါး/ခေါက်ဆွဲများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရ သည်။
နေအောင်(ပြန်/ဆက်)