အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ (၂၈)ကြိမ်မြောက် နေ့ညအသံမစဲ အဘိဓမ္မာ(၇)ကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကျင်းပ

ရန်ကုန် အောက်တိုဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ လောကချမ်းသာအဘယလာဘ မုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား)၌ (၂၈)ကြိမ်မြောက် နေ့ညအသံမစဲ အဘိဓမ္မာ(၇)ကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို ယနေ့နံနက်(၈)နာရီ မိနစ်(၃၀)က မင်းဓမ္မကုန်းတော်ပေါ်ရှိ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) တည်ရှိရာ ဂန္ဓကုဋိတိုက်ကျောင်းတော်ကြီးအတွင်းတွင် ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို ပင့်သံဃာတော်များနှင့် ဧည့်ပရိသတ်များက “နုမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး  ကြွရောက်တော်မှုလာသည့် ရွာမဆရာတော်ဘုရားကြီး ဦးသီလောကာဘိဝံသထံမှ  ကိုးပါးသီလ ခံယူတည်ဆောက်ကြပြီးနောက် ဆရာတော်ဘုရားကြီးမှ ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူသည်။

 ထို့နောက် ကြွရောက်တော်မှုလာကြသည့် ပင့်သံဃာတော်များအား တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ဆရာတော် ဦးအဂ္ဂသာမိက ရေစက်ချအမျှပေးဝေပြီးနောက် လောကချမ်းသာ အဘယလာဘ မုနိရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) အလှည့်ကျဂေါပကဥက္ကဋ္ဌမှ ကျေးဇူးတင်ဝမ်းမြောက်လွှာ လျှောက်ထားသည်။

ယင်းနောက် ဆရာတော်ဘဒ္ဒန္တညာဏုတ္တရက ပင့်ဖိတ်ထားသော နတ်ဗြဟ္မာအပေါင်းတို့အား ပြန်လည်ပို့ဆောင်ပြီး ဆရာတော် သံဃာတော် အရှင်သူမြတ် အပေါင်းတို့နှင့်အတူ ဧည့်ပရိသတ်တို့က ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီးနောက် လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) ဂေါပကအဖွဲ့နှင့် အလှူရှင် ဦးထွန်းဝင်း+ဒေါ်မငယ် သား မောင်ဉာဏ်မင်းထွန်း၊မောင်ကျော်သီဟ မိသားစုတို့က အလှူငွေများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

အဆိုပါ လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား)၏ (၂၈)ကြိမ်မြောက် နေ့ညအသံမစဲ အဘိဓမ္မာ(၇)ကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ (၂၀)ရက်နေ့မှ (၂၈)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)