၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် အသက်(၆၀)နှင့်အထက်ရှိ သက်ကြီးရွယ်အို မဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

အမရပူရ  အောက်တိုဘာ  ၂၂


အမရပူရမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေး ကောက်ပွဲတွင်  အသက် (၆၀)နှင့်အထက်ရှိ  သက်ကြီး ရွယ်အိုမဲဆန္ဒရှင်များ ကြိုတင်မဲပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  အောက်တိုဘာလ (၂၀)ရက်  ညနေ(၃)နာရီအချိန်က  ရတနာပုံတက္ကသိုလ်ကျောင်း ပြည်ထောင်စု ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရတနာပုံတက္ကသိုလ်ကျောင်း ပါမောက္ခဒေါက်တာအောင်မင်းမှ အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ  ဦးရဲမြင့်မှအသက် (၆၀) နှင့်အထက်    သက်ကြီးရွယ်အိုများ နေအိမ်တွင် ကြိုတင်မဲပေးနိုင်ရေးကို အောက်တိုဘာလ(၂၉)ရက်မှ နိုဝင်ဘာလ(၅)ရက်နေ့ထိ  အပြီးဆောက်ရွက် ပေးရန်နှင့် ကျန်းမာရေးမကောင်းသူများနှင့်   ကိုယ်လက်အင်္ဂါချို့တဲ့သူများ  ကြိုတင်မဲပေးနိုင်ရေးတို့ကိုလည်း မဲဆန္ဒရှင် စာရင်းသီးခြားပြုစုထားရန်ကိစ္စ၊ ကြိုတင်မဲပုံးများကိုလည်း မဲရုံတစ်ရုံခြင်းစီအလိုက် သီးခြားထားရှိရန်၊ အသက်(၆၀)နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်မဲပေးနိုင်ရေး သက်ဆိုင်ရာရပ်ကွက်များ အလိုက် ကြိုတင်၍ အသံချဲ့စက်များဖြင့် လှည့်လည်ကြေငြာပေးရန်နှင့် ကြိုတင်မဲများကို ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများနှင့် အုပ်ချုပ်ရေးမှူးများက လုံခြုံရေးကိစ္စများကိုလည်း ကြိုတင် ဆောင်ရွက်ထားရန်တို့ကို ဆွေးနွေးပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးစန်းယုက ပြည်ထောင်စုပါတီစုံ အထွေထွေရွေး ကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသော မဲဆန္ဒရှင်လိုက်နာရမည့် စည်းကမ်းချက်များ၊ မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲရုံအကူ ဆောင်ရွက်မည့်သူများ လိုက်နာရမည့်စည်းကမ်းချက်များ၊ အသက်(၆၀)နှင့် အထက်သက်ကြီး ရွယ်အိုများ ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ရာတွင် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို သိလိုသည်များကို မေးမြန်းကြရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်မြင့်မြင့်မော်တို့မှ ပြန်လည်ရှင်းလင်းပြောကြား ခဲ့ကြသည်။
အမရပူရမြို့နယ်တွင် မဲရုံပေါင်း(၁၃၇)ရုံတွင် မဲဆန္ဒရှင်ပေါင်း (၁၈၁၃၃၀) ဦးရေ ရှိပြီး အသက်(၆၀) နှင့်အထက် မဲဆန္ဒရှင်(၂၆၁၈၆) ဦးရေတို့ကို အောက်တိုဘာလ(၂၉)ရက်မှ နိုဝင်ဘာလ(၅)ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် အတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
ဟိန်းထက်(အမရ)