ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲဖွင့်ပွဲနှင့် ဆင်အကအလှ ပြိုင်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲဖွင့်ပွဲနှင့် ဆင်အကအလှပြိုင်ပွဲအခမ်းအနားကို ရွှေသာလျောင်တော်ခြေတွင် ယနေ့နံနက်(၈)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆင်အကအလှပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တရားသူကြီးချုပ်ဒေါ်ခင်သင်းဝေ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့စီးပွားရေးဝန်ကြီးဌာန ဝန်ကြီးဦးသိန်းဌေး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်မင်း၊ မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးဌာန ဝန်ကြီးဦးရွှေဇင်၊ ကျောက်ဆည်တပ်နယ်မှ ဗိုလ်ချုပ်သိန်းထွေး၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မန္တလေးတိုင်းဒေတိုင်းသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား ဆင်အကအလှပြိုင်ပွဲအမှတ်တရ လက်ဆောင်များပေးအပ်ပြီး “ဒွေး” ဘော်ကြယ်ဆင်အဖွဲ့မှ မြန်မာ့ရိုးရာဆင်အကအလှ စွမ်းရည်များနှင့် ဧည်ခံဖျော်ဖြေခဲ့သည်။

ဖွင့်ပွဲအပြီးတွင်  အခမ်းအနားသို့တက်ရောက်လာသည့် ဆင်အကအဖွဲ့များမှ မြန်မာပြည်သားသီးချင်းဖြင့် ပြန်လည်ထွက်ခွာသွားပြီး ဆင်အကအလှပြိုင်ပွဲကို ပြိုင်ပွဲသတ်မှတ်စည်းကမ်းများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ဆင်အကအလှပြိုင်ပွဲတွင် ဂုဏ်ပြုဆင်(၃)စီး၊ ရိုးရာလူကြီးဆင်(၆)စီး၊ ရိုးရာကလေး ဆင်(၄)စီး၊ အသက်ကြီးဆင်(၃)စီး၊ တီထွင်ဆန်းသစ်မှုဆင်(၂)စီး၊ ပြိုင်ပွဲဝင်ဆင်(၁၇)စီးနှင့် မြို့မဈေးကြီးအားပတ်၍ ကပြဖျော်ဖြေမည့်ဆင်များ အပါအဝင် စုစုပေါင်း ဆင်(၁၀၃)စီး ပါဝင်ခဲ့ပြီး ပြိုင်ပွဲအပြီးတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)