နမ့်စန်(တ) အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော အမှတ် (၃)ရပ်ကွက်ရှိ မြို့ကျက်သရေဆောင် ဣစ္ဆာသရအလိုတော်ပြည့် ဓာတုစွယ်တော် စေတီတော်မြတ်ကြီး၏ (၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ည ၇နာရီခွဲက အဆိုပါ စေတီတော်တည်ရှိရာ အတုလကာရီကျောင်းတိုက်အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး အတုလကာရီကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တသီလာနန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ဩဝါဒကထာများ နာယူခဲ့ကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ဆက်လက်၍ အတုလကာရီကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် သာသနဓဇ ဓမ္မာစရိယ ဘဒ္ဒန္တသီလာနန္ဒ၊ နမ့်စန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်မိုးနှင့် အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းတို့က ဣစ္ဆာသရအလိုတော်ပြည့် ဓာတုစွယ်တော် စေတီတော်မြတ်ကြီးအရှေ့တွင် (၁၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဝင်္ကပါကျောင်းဆောင်အတွင်းသို့ ဗုဒ္ဓရုပ်ပွားတော်များ ပင့်ဆောင်ခဲ့ကြကာ တက်ရောက်လာကြသူများနှင့်အတူ မီးပုံးပျံ အငယ်စုစုပေါင်း အလုံး (၁၀၀)ကို လွှတ်တင်ခဲ့ကြသည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို (၄)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့ ညနေပိုင်းတွင် ဗုဒ္ဓရုပ်ပွားတော်များ ပင့်ဆောင်ကာ မြို့တွင်း ကျက်သရေဆောင် လှည့်လည်ပူဇော်ခြင်း၊ သီတင်းကျွတ်လပြည့်နေ့တွင် စေတီတော်မြတ်ကြီးအား ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ သစ်သီးတစ်ထောင် ကပ်လှူ၍ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်း၊ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့တွင် ပင့်သံဃာများနှင့် ရှင်သာမဏေ (၅၀၀)ကျော်တို့မှ ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ ပန်းတစ်ထောင်၊ သစ်သီးတစ်ထောင် ကပ်လှူခြင်း၊ အရုဏ်ဆွမ်းကပ်ခြင်း၊ နဝကမ္မလှူဖွယ်များ လှူဒါန်းခြင်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ တရားနာရေစက်ချခြင်း၊ ညပိုင်းတွင် ဘုရားမဲများ ဖောက်လှူခြင်း၊ ဆုပေးပွဲကျင်းပခြင်းစသည့် အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ပွဲတော်ရက် ညတိုင်းတွင် ဓမ္မစက္ကူလ်းကလေးငယ်များနှင့် တိုင်းရင်းသားများက ဧည့်ခံကပြဖျော်ဖြေခြင်း၊ စတုဒိသာ ကျွေးမွေးခြင်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)