တောင်သာ အောက်တိုဘာ ၂၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ဖြင့် ရေခါးကျေးရွာ ရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါလမ်းမုဒ်ဦးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ ရေခါးကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လုပ်ငန်းလွှဲပြောင်း အပ်နှံခြင်း အခမ်းအနား ဆက်လက်ကျင်းပရာ ကမ္ဘာအောင်သိဒ္ဓိဆရာတော်၏ တပည့်အရှင်ပညာစာရ ရေးစပ်သီကြူး သော "ဝမ်းမြောက်စေကြောင်းဆုမွန်တောင်း" ကဗျာကို ကျောင်းသူ မသီတာအေးချမ်းကလည်းကောင်း၊ စာရေးဆရာမင်းသုဝဏ်၏ "ဝမ်းနည်းပါကြောင်း" ကဗျာကို ကျောင်းသူ မဇူဇင်နှင်းဝေကလည်းကောင်း ရွတ်ဆို၍ ဖွင့်လှစ်လှစ်ပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက စီမံကိန်းရည်ရွယ်ချက်၊ ကျေးရွာစိတ်ဓါတ်နှင့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကြောင်း ဆွေးနွေးပြီး ကျေးရွာလှပသာယာစေရေး အမှိုက်ကျင်းထားရှိပြီး အမှိုက်ပုံးဖြင့် စနစ်တကျစွန်ပစ်ရန်နှင့် ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးမှာကြားပြီး အစီအစဉ်အရ အခမ်းအနားဆက်လက်ကျင်းပရာ မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌထံလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌက ကျေးရွာ လမ်းထိန်းသိမ်းရေး ကော်မတီထံသို့လည်းကောင်း အသီးသီးလွှဲပြောင်းအပ်နှံခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ရေခါးကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းအား စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ပြည်သူလူထုထည့်ဝင်ငွေ ၅၇ သိန်း၊ အခြားအလှူရှင်များမှ လှူဒါန်းငွေများဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းများအားလုံး ရာနူန်းပြည့်ပြီးစီးအောင်မြင်ခဲ့သဖြင့် ကျေးရွာရှိ အိမ်ခြေ (၂၂၀)၊ လူဦးရေ ၁၅၆၄ ဦးအတွက် သွားရေးလာရေး လွယ်ကူချောမွေ့လာနိုင်ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက ပြောပြသည်။
ကျော်မျိုးနိုင်(တောင်သာ)