စဉ့်ကိုင် အောက်တိုဘာ ၂၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ထဲမှ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်များကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြင့်တင်ရေးဆိုသည့်အချက်နှင့်အညီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းက သင်တန်းဆင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မြို့ပြနှင့်ကျေးလက်ဒေသများတွင် အသေးစားလက်မှုလုပ်ငန်းများဖြင့် လူသုံးကုန်ပစ္စည်းများ တစ်ပိုင်တစ်နိုင်ထုတ်လုပ်၍ မိသားစုစီးပွားရေးအဆင်ပြေစေရန် ရည်ရွယ်ပြီးမိမိတို့ဌာနမှ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် တက်ရောက်ခဲ့သော သင်တန်းသား၊ သင်တန်းသူများအား တာဝန်ရှိသူအသီးသီးက သင်တန်းဆင်းဂုဏ်ပြုကဒ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားများ ကိုယ်စားသင်တန်းသူ ဒေါ်မိုးမိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားတွင် ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ စဉ့်ကိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်များ၊ လူမှုရေးအသင်းအဖွဲ့များ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြပြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်းနှင့်ဝန်ထမ်းက တက်ရောက်လာသူများအား ဘက်စုံသုံးဆပ်ပြာ၊ ရေချိုးဆပ်ပြာဆီ၊ မျက်နှာသစ်ဆပ်ပြာခဲနှင့် သဘာဝခေါင်းလျော်ရည်ဘူးများကို လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)