မုဒုံ အောက်တိုဘာ ၂၈
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၄၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာလှေလှော်သဘင်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပသည်။
ဦးစွာ ကန်ကြီးစေတီတော်၏ သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တကေတုဝါရ၊ ကန်ကြီးစေတီတော် ဂေါပကဥက္ကဋ္ဌ ဦးရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ လှေလှော်အသင်းများသည် ကန်ကြီးမင်္ဂလာကန်တော်အား ရှိခိုးဦးတိုက်ကန်တော့၍ ပြိုင်ပွဲအားစတင်ဖွင့်လှစ် ပေးခဲ့သည်။ ပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်များမှ လှေလှော်အသင်း (၁၁) သင်းတို့က ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ရာ ပထမပွဲစဥ်အဖြစ် မျိုးဆက်သစ်လှေလှော်အသင်းနှင့် အောင်နိုင်လင်းလှေလှော် အသင်းတို့က ယှဥ်ပြိုင်လှော်ခတ်ကြသည်။
အဆိုပါပြိုင်ပွဲကို အောက်တိုဘာ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ပထမဆု (၇)သိန်း၊ ဒုတိယဆု (၅) သိန်း၊ တတိယဆု (၃) သိန်း၊ စတုတ္ထဆု (၂) သိန်းနှင့် နှစ်သိမ့်ဆုငါးသောင်းကျပ်တို့ကို အသီးသီးဆုချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
သားငယ်(ပြန်/ဆက်)