မော်လမြိုင် အောက်တိုဘာ ၂၈
မွန်ပြည်နယ်အတွင်း ခရိုင်၊ မြို့နယ်များတွင် မြို့တွင်း၊ မြို့ပြင်ပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့နယ်၊ သိမ်ကုန်း ရပ်ကွက်အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ကုတင်(၅၀၀)ဆန့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတို့၌စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပရဟိတအဖွဲ့အစည်းများမှ အမှိုက်သရိုက်များရှင်းလင်းခြင်း၊ ခြုံနွယ်များခုတ်ထွင် ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
အလားတူ ပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားမှုဖြင့် စနေနေ့တိုင်း ခရိုင်၊ မြို့နယ်များအတွင်းရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံများ၊ ရပ်ကွက်များတွင်လည်း သန့်ရှင်းသာယာလှပစေရေး၊ ကျန်းမာရေး အထောက်အကူဖြစ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)