ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မူဆယ် အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူဆယ်ခရိုင်လူမှုဝန်ထမ်းရုံး၏ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က စွမ်စော်ရပ်ကွက်၊ မန့်ဝိန်းလူငယ် ဇရပ်ခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက အမှာစကားပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့သူများကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ အသီးသီးဂုဏ်ပြုလက်မှတ်များကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသား/သင်တန်းသူများ၏ ကိုယ်စားသင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်တန်းဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးကြသော ကျန်းမာရေးဦးစီးဌာန၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများကို အမှတ်တရဂုဏ်ပြု လက်ဆောင်များကို ခရိုင်ဦးစီးမှူးမှပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းသို့ ဒေသခံတိုင်းရင်းသား/တိုင်းရင်းသူ (၃၅)ဦး တက်ရောက်အောင်မြင်ခဲ့ကြပြီး သင်တန်းဆင်းပွဲတွင် ဆရာ/ဆရာမများက ရိုးရာအကအလှများဖြင့် ကပြေဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များက သင်တန်းတွင်လက်တွေ့ ဆောင်ရွက်ခဲ့သည့် လက်မှုပညာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)