လားရှိုးမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များအား လုံခြုံရေးနှင့်မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်

လားရှိုး အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီဆိုင်များ လုံခြုံရေးနှင့်မီးဘေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လားရှိုးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်မောင်မောင်စိုးနှင့်ဌာနဆိုင်ရာများ၊ လားရှိုးမြို့နယ်အတွင်းတွင် စက်သုံးဆီဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိကြသည့် စက်သုံးဆီဆိုင်များမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

သင်တန်းတွင် စက်သုံးဆီဆိုင်များတွင် ရောင်းချသူများ လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများ၊ မိမိဆိုင်လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရမည့်ကိစ္စရပ်များ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရမည့်ဆောင်ရန်၊ရှောင်ရန်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)